
အသတ်ခံခဲ့ရတဲ့ မိုင်းခေါင်စစ်ရှောင်စခန်းက ကချင်ဒုက္ခသည် လူငယ် ၃ ဦးအမှုနဲ့ ပတ်သက်ပြီး တပ်မတော်သား ၆ ဦးကို စစ်ခုံရုံးမှာ စစ်ဆေးရာမှာ ၂ ဦးက ကိုယ်တိုင် ပစ်ခတ်မှုကျူးလွန်ကြောင်း ၀န်ခံခဲ့ပါတယ်။
စက်တင်ဘာ ၁၅ ရက်က ဒီအမှုကို မန်စီမြို့အခြေစိုက် ခမရ ၃၁၉က စစ်ခုံရုံးမှာ တပ်ရင်းမှူးအပါအ၀င် ဒုဗိုလ်ကြီး၊ ဒုတပ်ကြပ်ပါ ၆ ဦးကို စစ်ဆေးခဲ့ရာမှာ မိုင်းခေါင်ဒုက္ခသည်စခန်းက တာဝန်ရှိသူ၊ မိသားစုဝင်တွေလည်း တက်ရောက်နားထောင်ခွင့်ရ ရှိခဲ့ပါတယ်။
စစ်ခုံရုံးမှာသွားရောက်နားထောင်ခဲ့တဲ့ ဗန်းမော်ကချင်နှ်စ်ခြင်းခရစ်ယာန်အသင်းက ဦးလဂျာက “တပ်သားရယ်၊ ဒုတပ်ကြပ်ရယ် နှစ်ယောက်ကတော့ သူတို့ကိုယ်တိုင် သေနတ်နဲ့ ပစ်တယ် ဆိုတဲ့အရာကို ၀န်ခံတယ်။ ပြီးတော့ ဗိုလ်တယောက်ရယ်၊ ဒုဗိုလ်တယောက်ရယ်၊ ဗိုလ်ကြီး တယောက်ရယ် သူတို့ ၃ ယောက်ကတော့ ဒီအမှုမှာ ပါဝင်ပတ်သက်မှုရှိတာပေါ့။ သူတို့က order အမိန့်ပေးတာပေါ့နော်။ ဒီအမှုကို no man land area ဖြစ်တဲ့အတွက်ကြောင့်မို့ သတ်လို့ရတဲ့အနေအထားမှာ သူတို့ order ကိုသူတို့လက်ခံရရှိတယ်ပေါ့နော်။”
ဒီနေ့မှာလည်း စစ်ခံရုံးမှာ အဆိုပါအမှုနဲ့ပတ်သက်ပြီး ခမရ ၃၁၉ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာဦးကို ဆက်လက်စစ်ဆေးနေပြီး သက်သေအထောက်အထားတွေကိုလည်း ဆက်လက် စစ်ဆေးနေပါတယ်။
ကချင်ပြည်နယ် မန်စီမြို့နယ် မိုင်းခေါင်စစ်ရှောင် အိုင်ဒီပီစခန်းမှာ နေထိုင်တဲ့ ကချင်ဒုက္ခ ကိုမရန်ဘရန်ဆိုင်း (၂၂)နှစ်၊ ကိုအင်ခွမ်ဂမ်အောင် (၃၁) နှစ်နဲ့ ကိုလဗျနော်ခွမ် (၂၇) နှစ်တို့ဟာ မေ ၂၅ ရက်က ခါပန်ကျေးရွာမှာ နေ့စားအလုပ်အပြီး အပြန်မှာ တပ်မတော်က ဖမ်းဆီးသွား ခဲ့ပြီးမေလ ၂၈ ရက်နေ့မှာ ဒေသခံတွေက အလောင်းတွေ ပြန်လည်တူးဖော်နိုင်ခဲ့တာပါ။
အလောင်းကိုပြန်ဖော်ကာ မန်စီဆေးရုံကို ပို့ဆောင် စစ်ဆေးခဲ့ပြီးနောက် မန်စီရဲခစန်းမှာပဲ အမှုဖွင့်ခဲ့ရာ စစ်တပ်ပိုင်အရေးဖြစ်တာကြောင့် စစ်ဖက်ခုံးရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂ နဲ့ စစ်ဆေးမှုနေတာဖြစ်ပါတယ်။
သေဆုံးသွားသူတွေဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက မန်စီမြို့နယ် မုန်းဒိုးနဲ့ ကုန်ခါးပန်ရွာကနေ မိုင်းခေါင်ရွာကို စစ်ရှောင်လာရောက်နေထိုင်ခဲ့တာဖြစ်ပြီး နှစ်ဦးက တစ်နှစ်ကျော်အရွယ်ကလေးငယ်တဦးစီကျန်ရှိကာ အခြားတဦးမှာတော့ တနှစ်အရွယ် ကလေးငယ်တဦး၊ သုံးနှစ်ကျော်အရွယ် ကလေးငယ်တဦးနဲ့ မွေးကင်စ ကလေးကျန်ခဲ့ပါတယ်။











