DVB Logo
Home
မြန်မာသတင်း
နေရပ်စွန့်ခွာ တိမ်းရှောင်သူများ ပြန်လည်နေရာချထားရေး စီမံဆောင်ရွက်ပေးနေ
DVB
·
September 18, 2017
Donate to DVB

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာနေသူတွေရဲ့  အရေအတွက်ကို မတွက်ချက်နိုင်သေးပေမယ့် ပြန်လည်နေရာချထားရေး အပါအဝင် အရေးကြီး အချက် ၃ ချက်နဲ့ စီမံဆောင်ရွက် ပေးနေတယ်လို့ ရခိုင်ဝန်ကြီးချုပ်က ပြောပါတယ်။

“ဒီကိန်းဂဏန်းတွေ အချက်အလက်တွေ အမြန်ဆုံးကျနော်တို့ရ အောင်လုပ်မယ်။ နောက်အချက်က လမ်းပန်းဆက်သွယ်ရေးနဲ့ တယ်လီဖုန်းဆက်သွယ်ရေး၊ အဲဒီကိစ္စတွေ ဆက်သွယ်ရေးကို ကျနော်လုပ်မယ်။ နောက်တချက်က လောလောဆယ် ပြောင်းရွှေ့လာတဲ့လူတွေအတွက် နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး၊ ကျန်းမာရေးကအစ အဲ့ဒါတွေကို လတ်တလော ဆောင်ရွက်ပေးဖို့ ဒီသုံးချက် ကျနော်တို့ လုပ်ထားတယ်”လို့ ရခိုင်ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။

ဒါအပြင် ရခိုင်ဒေသအတွင်း လုံခြုံရေး၊ အုပ်ချုပ်ရေးပိုင်းတွေနဲ့ တည်ငြိမ်အေးချမ်းမှုရှိအောင် အမြန်ဆုံးထိန်းသိမ်းထားနိုင်ခဲ့ပြီး ပဋိပက္ခ၊ ပစ်ခတ်မှုတွေ မရှိတော့ကြောင်းနဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တွေကြောင့် နေရပ်စွန့်ခွာ ထိမ်းရှောင်ခဲ့ရသူတွေကို ပြန်လည်နေရာချပေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ ဦးညီပုက ပြောပါတယ်။

“သူတို့ ရွာတွေ၊ အိမ်တွေကို ပြန်နေကြပြီ။ တခုတော့ရှိတာပေါ့၊ မီးလောင်သွားတဲ့ ရွာလေးတွေ ရှိပါတယ်။ အဲ့ဒါတွေလည်း ကျနော်တို့ အမြန်ဆုံး အိုးအိမ်တွေရအောင် ကျနော်တို့ ဆောက်ပေးဖို့ စီစဉ်နေပါပြီ။ အဲတော့ ကျန်ခဲ့တဲ စစ်တွေတို့၊ ဘူးသီးတောင်တို့နဲ့ အခြားနေရာတွေမှာရောက်နေတဲ့ ရွှေ့ပြောင်းလာတဲ့ လူတွေရှိပါတယ်။ ဒါတွေကိုလည်း ကျနော်တို့က လောလောဆယ်သူတို့ စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေး၊ ကျန်းမာရေး အကုန်လုပ်ပေးထားတယ်။ သူတို့ ဆန္ဒရှိတယ်။ သူတို့ ပြန်ချင်တယ်ဆိုရင် ကျနော်တို့က အကုန်လုံး လမ်းစရိတ်ကအစ၊ သူတို့ လုံခြုံမှုကအစ” လို့ ဦးညီပုက ပြောပါတယ်။

ဒေသအတွင်း အခြေအနေ ပြန်လည်တည်ငြိမ်လာပေမယ့် လူ့အဖွဲ့အစည်း တိုင်းရင်းသားတွေအကြား သဟဇာတဖြစ်အောင် ပေါင်းစည်းနေထိုင်နိုင်ဖို့ကတော့ များစွာအခက်အခဲ ဖြစ်သွားပြီဖြစ်ပြီး အချိန်ယူပြီး အဆင့်ဆင့်လုပ်ရမယ်လို့ ဦးညီပုက ပြောပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရခိုင်ပြည်နယ် ဒေသခံတိုင်းရင်းသားတွေအတွက် မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုတွေက အလှူငွေပေးအပ်ပွဲအပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားခဲ့တာပါ။

အဲဒီအလှူငွေ ပေးအပ်ပွဲကို နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းအတွင်းက စားရိပ်သာ ၅ မှာ စက်တင်ဘာ ၁၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာပါ။
သြဂုတ် ၁၅ ရက် အကြမ်းဖက်ဖြစ်စဉ်အပြီး ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် ဒေသက ရွာလုံးကျွတ် ထွက်ပြေးတဲ့ ကျေးရွာပေါင်း ၁၇၆ ရွာ၊ တချို့တဝက် ထွက်ပြေးတဲ့ ကျေးရွာ ၄၃ ရွာနဲ့ လုံးဝထွက်မပြေးတဲ့ ကျေးရွာပေါင်း ၂၆၁ ရွာရှိတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013