ဧရာဝတီတိုင်း၊ မအူပင်ခရိုင်အတွင်း ကုမ္ပဏီတွေက သိမ်းထားတဲ့ လယ်မြေ ဧက ၁ သိန်း ၇ သောင်း ကျော်ထဲက ဧက ၁ သိန်းကျော်ဟာ စီမံကိန်းအကောင်အထည်မဖော်တဲ့ လယ်မြေတွေ ဖြစ်နေတာကြောင့် လယ်သမားတွေကို ပြန်ပေးဖို့ စီစဉ်နေတယ်လို့ မအူပင် မြေစာရင်းဦးစီးဌာနက ပြောပါတယ်။
ဒီလယ်မြေတွေဟာ ၁၉၉၀ ပြည့်နှစ်ကစတင်ပြီး ကုမ္ပဏီတွေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင် စုစုပေါင်း ၂၇၀ ကျော်က စီမံကိန်းတွေကို အကြောင်းပြ သိမ်းထားတဲ့ လယ်မြေတွေ ဖြစ်ပါတယ်။
၂၀၁၆ နိုဝင်ဘာလကုန်အထိ စီမံကိန်း အကောင်အထည်မဖော်တဲ့ မြေတွေအားလုံးကို လယ်သမားတွေလက်ထဲ အမြန်ဆုံး ပြန်ပေးနိုင်အောင် စိစစ်နေတယ်လို မအူပင်ခရိုင် မြေစာရင်းဌာနဦးစီးမှူး အေးဟောက်ဆွင်းမန်က ပြောပါတယ်။
“မြေစစ်လုပ်ငန်းတွေရော လယ်ယာမြေစီမံခန့်ခွဲရေး လုပ်ငန်းတွေရော မနားမနေ ဆောင်ရွက်နေရတာပါ၊ အချိန်လေးတခုလောက် ရရင်တော့ လယ်သမားတွေလည်း ကျေနပ်မယ့် အဖြေရမယ်လို့ ထင်ပါတယ်။ အဲဒီအခါကျရင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာတွေအပေါ် အမြင်ကြည်လင်သွားမှာပါ။”
သိမ်းဆည်းခံ လယ်မြေတွေကိစ္စကို အမြန်ဖြေရှင်းနိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သက်ဆိုင်တဲ့ဌာနဆိုင်ရာတွေ၊ လယ်သိမ်းခံလယ်သမားတွေနဲ့ သိမ်းထားတဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေ စုံညီအစည်းအဝေးကို တလမှာ ၂ ကြိမ်ကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ မဖြစ်မနေပြုလုပ်ရမယ်လို့ ညွှန်ကြားထားပါတယ်။
အဖွဲ့စုံတဲ့ အစည်းအဝေးဖြစ်မြောက်ပါက သိမ်းထားတဲ့ ကုမ္ပဏီနဲ့ လုပ်ငန်းရှင်တွေ မတက်ရောက်ရင်လည်း ဆုံးဖြတ်ချက်ချမှတ်ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကို အဆိုပါ ဆုံးဖြတ်ချက်ကို တင်ပြသွားမယ်လို့ မအူပင်ခရိုင်မြေစာရင်းဦးစီးဌာန ကသိရပါတယ်။
“သိမ်းထားတဲ့မြေတွေပြန်ပေးဖို့ အစည်းအဝေးတွေခေါ်ယူရာမှာ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေက မတက်ရောက်တာတွေအပြင် ဌာနဆိုင်ရာတွေဘက်ကလည်း စုံစုံလင်လင် မတက်ရောက်နိုင်တာတွေကြောင့် သိမ်းဆည်းမြေတွေ ပြန်ပေးဖို့ နှောင့်နှေးကြန့်ကြာနေတယ်”လို့ မအူပင်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောပါတယ်။
မအူပင်ခရိုင်အတွင်းမှာရှိတဲ့ မအူပင်၊ ပန်းတနော်၊ ညောင်တုန်းနဲ့ ဓနုဖြူမြို့နယ်များမှာ လယ်ယာမြေ သိမ်းဆည်းခံ လယ်သမားစုစုပေါင်း ၃၀၀၀ နီးပါးရှိနေပြီး အများစုကတော့ ရေကြီးကွင်း၊ ရေနက်ကွင်း လယ်ယာမြေဖော်ထုတ်ရေး စီမံကိန်းအဖြစ် သိမ်းဆည်းခံခဲ့ရပေမယ့် လက်တွေ့မှာတော့ ပုစွန်ကန်၊ ငါးကန်တွေပဲ တူးဖော်ထားတာ များတယ်လို့ ဧရာဝတီတိုင်း တောင်သူလယ်သမားသမဂ္ဂကမှ ကောက်ယူထားတဲ့ စာရင်းတွေးအရ သိရပါတယ်။
သတင်း - မြမင်းဦး










