DVB Logo
Home
မြန်မာသတင်း
ကမ်းပါးပြိုကျမှုမှ ကာကွယ်ရန် နေအိမ်များတွက် မွန်ပြည်နယ်အစိုးရက မြေကွက်အစားပေးမည်
DVB
·
September 18, 2017
Donate to DVB

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာ ရွာမရပ်ကွက်မှာ တောင်ကမ်းပါးယံပြိုကျမှု အန္တရာယ်ကကင်းအောင် လူနေအိမ် ၄၄ လုံးအတွက် မြေကွက်အစားထိုးပေးပြီး ရွှေ့ပြောင်းနေထိုင်နိုင်ဖို့ မွန်ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ရဲ့လမ်းညွှန်ချက်နဲ့ အန္တရာယ်ရှိတဲ့ အဆောက်အဦတွေကို သက်ဆိုင်ရာ မြို့နယ်၊ စီအက်စ်အို၊ ဒေသခံရပ်မိရပ်ဖ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး အန္တရာယ်ရှိ နေအိမ်တွေ မကျန်ရှိစေဖို့ ဒုတိယအကြိမ် အပြီးသတ် စာရင်းကောက်ခံတာလို့ သိမ်ဇရပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ မနက် ၁ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် တောင်ကမ်းပါးယံ မြေပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့ရာ တောင်ခြေရှိ ရပ်ကွက်အတွင်း လူနေအိမ် ၄ လုံး ပျက်ဆီးခဲ့ပြီး လူတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် ထပ်မံပြီး မလိုလားအပ်တဲ့ အန္တရာယ်တွေ မဖြစ်ပွားအောင် ပြည်နယ်အစိုးရက စီစဉ်ဆောင်ရွက်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။

သိမ်ဇရပ်ကျေးရွာ ရွာမရပ်ကွက်မှာနေတဲ့ နေအိမ် ထိခိုက်ပျက်ဆီးခဲ့ရသူ မနန္ဒာလင်း က “ည ၂ နာရီလောက်မှာနော်။ ဝုန်း ဝုန်း ဆိုတဲ့ အသံကြားတော့ ထွက်ကြည့်လိုက်တော့ အပေါ်ကနေ မြေတွေ ပြိုကျလာပြီးတော့ အိမ်က တခြမ်းလုံး ပိသွားပါတယ်။ သမီးတို့လည်း ထွက်ပြေးတာပေါ့။ မိသားစုအကုန်လုံးက လွတ်ပါတယ်။ အင်း ဘာမှတော့ မသယ်နိုင်ဘူးပေါ့နော်။ ကိုယ့်လွတ်ရာ ရုန်းကြရတာပေါ့”လို့ ပြောပါတယ်။

သိမ်ဇရပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဦးက “သူတို့ကို ပြန်ပေးတဲ့အခါမှာ မြို့နဲ့လည်း မဝေးစေချင်ဘူး။ ကျနော်တို့ရဲ့ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ စေတနာပါ။ ဒီမြို့တွင်း အနီးအနားမှာပဲ ဖြစ်စေချင်တယ်။ ကျနော်တို့ မြေနေရာရှာတဲ့အခါမှာ တွေ့ရှိတယ်။ တွေ့ရှိတဲ့ မြေနေရာကိုလည်း ကျနော်တို့ မြေစာရင်းအဖွဲ့တို့ တိုင်းပြီးတော့ ဒီနေရာလေးကတော့ ပြန်ပေးလို့ သင့်တော်တယ် ဆိုတာကို ကျနော်တို့ စီစဉ်ပြီးတော့မှ ပြန်လည်ပြီးတော့မှ အခုမြို့နယ်ကို ကျနော်တို့ တင်ပြဖို့ အဆုံးသတ် စာရင်းလိုက်ကောက်ပါတယ်” လို့ ပြောပါတယ်။

သိမ်ဇရပ်ကျေးရွာ ရွာမရပ်ကွက်မှာနေတဲ့ နေအိမ် ထိုခိုက်ပျက်စီးခဲ့ရသူ ဦးလှမြင့်က “ကျနော်တို့ တိုင် လိုတာတို့ သစ် လိုတာတို့တော့ ရှိလာမယ်။ အဲဒါတော့ လုပ်ကိုင်စားရတာတော့ သားသမီးတွေဆီကပဲ လက်ဝါးဖြန့်စားပေါ့။ သစ်လေး ဝါးလေး အဲဒါတွေတော့ လိုမှာပေါ့။ ကျနော်တို့က အဲဒီလောက်ထိ မသိဘူး။ အလကားပေးမလိုလို ဘာလိုလိုတော့ ဘာသံမှတော့ မကြားသေးပါဘူး။ ပေးမယ်လို့တော့ ကြားတယ်။ ပေးမယ်တဲ့။ ဒီနေရာ နေဖို့ မသင့်တော်ဘူး ဆိုတာတော့ ပြောနေကြပါတယ်”လို့ ပြောပါတယ်။

အဆိုပါ အန္တရာယ်ရှိ နေအိမ်တွေကို မြေကွက်အစားထိုး ပေးနိုင်ဖို့ စာရင်းကောက်ယူ ရရှိမှုအရ နေအိမ် ၄၄ လုံးအတွက် စစ်တောင်းစက္ကူစက်ရုံအနီး အစိုးရပိုင် မြေလွတ် ၃ ဧကခန့်ကနေ တဦးကို မြေအကျယ် ပေ ၄၀ ပေ ၆၀ ပေးနိုင်ဖို့ လျာထားတယ်လို့ သိရပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013