
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသမှာ ၁၇ ရက်နေ့ မနက် ၂ နာရီလောက်က ရဲတပ်ဖွဲ့အင်အား ၃၀ ဝန်းကျင်နဲ့ နေအိမ်တွေကိုဝင်ရောက်ရှာဖွေပြီးတဲ့နောက် ကျောက်စိမ်းအရိုင်းတုံးတွေ တွေ့ရှိခဲ့တဲ့အတွက် အုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၁ ဦး စုစုပေါင်း ဒေသခံ ၁၁ ဦးကို ကျောက်မျက်ဥပဒေနဲ့ အရေးယူထားပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေဟာ နန်းစီပွန်အုပ်ချုပ်ရေးမှုးနေအိမ်အပါဝင် အခြားနေအိမ်တွေကို မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေခဲ့ပါတယ်။
အဲဒီလို စစ်ဆေးတဲ့နေရာမှာ မူးယစ်ဆေးဝါးတွေကို တွေ့ရှိခြင်းမရှိဘဲ ကျောက်စိမ်းအရိုင်းတုံးတွေ တွေ့ခဲ့တယ်လို့ ခန္တီးမြို့မ ရဲစခန်း ဒုရဲအုပ်ထိန်လင်းက ဒီဗွီဘီကို ပြောပါတယ်။
အခုလို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ခန္တီးမြို့ ဒေသခံတွေက ဝေဖန်မှုနေကြပါတယ်။ ခန္တီးမြို့နယ် နန်းစီပွန်ဒေသဟာ ရတနာမြေဖြစ်တဲ့အတွက် အခုလို ကျောက်စိမ်းတွေ့လို့ ဖမ်းဆီးတာဟာ မတရားလုပ်တယ်လို့ မြင်ကြောင်း ခန္တီးဒေသခံတွေက ဆိုပါတယ်။
အခုဖမ်းဆီးရမှုမှာ ငွေ သိန်း ၉၇၅ သိန်းအပါအဝင် ကျောက်စိမ်းအရိုင်းတုံး ၇၇၅ တုံးကို သိမ်းဆည်းခဲ့ပါတယ်။
သတင်းနှင့်ဓာတ်ပုံ - အောင်ဆန်းမြင့်











