
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ စစ်ကိုင်း၊ ပဲခူးတိုင်းဒေသတွေမှာ ကွမ်းစားခြင်းကြောင့် ခံတွင်းကင်ဆာဝေဒနာခံစားနေရတဲ့ ပုံတွေ ဖော်ပြထားတဲ့ ပိုစတာတွေကို
စိုက်ထူသွားမယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းကပြောပါတယ်။
ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းက မြန်မာနိုင်ငံမှာ ဆေးလိပ်သောက်သုံးခြင်းနဲ့ ကွမ်းစားနှုန်းပိုများနေတဲ့အတွက် နောင်တမရအောင် ကွမ်းယာကိုရှောင် အမည်ရတဲ့ ပညာပေးလှုပ်ရှားမှုကို စတင်လုပ်ဆောင်နေပါတယ်။
ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းက ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး စက္ကန့်သုံးဆယ်ကြာမြင့်တဲ့ နောင်တမရအောင် ကွမ်းယာကိုရှောင် ပညာပေးဗွီဒီယိုဖိုင်ကို ရိုက်ကူးထားပြီး ကွမ်းစားခြင်းကြောင့် ဝေဒနာခံစားနေရတဲ့သူတွေကို တွေ့ဆုံရိုက်ကူးထားတယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းက ဆိုပါတယ်။
ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းရဲ့အဆိုအရ မြန်မာပြည်သူ ခုနှစ်သန်းကျော်ဟာ နေ့စဉ် ဆေးရွက်ကြီးထွက် ပစ္စည်းမျိုးစုံပါဝင်တဲ့ ကွမ်းယာကို စားသုံးနေကြပါတယ်။











