DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ထွက်ပြေးလာသူများ နေရပ်မပြန်ရဲ
DVB
·
September 17, 2017
အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ထွက်ပြေးလာသူများ နေရပ်မပြန်ရဲ
Donate to DVB

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့အတွက် နေရပ်ကစွန့်ခွာလာခဲ့ကြတဲ့ တိုင်းရင်းသားဒေသခံတွေဟာ ကူညီကယ်ဆယ်ရေး စခန်းတွေမှာ နေထိုင်ကြရဆဲဖြစ်သလို နေရပ်ကို မပြန်ရဲတော့ပဲ ဖြစ်နေကြတယ်လို့ ခိုလှုံနေကြသူတွေက ပြောပါတယ်။

မောင်တောမြို့နယ် ခရေမြိုင်ရွာမှာ အကြမ်းဖက်မှုကြုံရပြီး လက်ရှိ ဘူးသီးတောင်မြို့ သုဓမ္မာရုံကျောင်းမှာ လာရောက်ခိုလှုံနေသူ ဒေါ်ညိုညိုဝင်းက ဒေါ်ညိုညိုဝင်းက  “အကြမ်းဖက်သမားတွေက အယောက် ၆၀ လောက်တက်တယ်။ လုံခြုံရေးရှိတာက ၅ ယောက်၊ စစ်တပ်လည်း မရှိဘူး။ ဒီရဲ ၅ ယောက်နဲ့ ရွာသားတွေနဲ့ပဲနေကြတာ။ ပစ်ခတ်နေတဲ့ အချိန်မှာ မိန်းမသားတွေနဲ့ သက်ကြီးဝါကြီးတွေနဲ့ ကလေးတွေနဲ့ နောက်ကြောင်းကပြေး။ သူတို့က ရှေ့က ပစ်ခတ်၊ အဲ့ဒီလိုနဲ့ ဒေါ်ကြီးတို့မှာ တောစပ်ကနေ ပြေးရှောင်လာကြရတာ” လို့ ပြောပါတယ်။

မိသားစုဝင်နှစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး ဘူးသီးတောင် အလိုတော်ပြည့်ကျောင်းမှာ ရောက်ရှိနေတဲ့ မောင်တောမြို့နယ် ကိုင်းကြီးရွာသား ဦးစံထွန်းက “သားတစ်ယောက်၊ ညီတစ်ယောက်ဆုံးသွားတာ၊ လုံးဝရွာကို မပြန်ချင်ဘူး။ ပြန်ချင်ရင်လည်း ပြန်ဖို့ မသင့်တောဘူး။ မသင့်တော်တာက တောထဲတောင်ထဲမှာနေတဲ့ကာလ နေတဲ့အချိန်မဟုတ်ဘူး။ ကျနော်တို့ ပြန်သွားရင်လည်း နောက်ထပ် ဒီလိုဖြစ်လာမလား၊ မဖြစ်ဘူးလား ပြောလို့မရဘူး။ အဲ့ဒါကြောင့် ကျနော်မပြန်ချင်ဘူး။” လို့ ပြောပါတယ်။

နေရပ်ကို ပြန်ကြသူအချို့ကို လုံခြုံရေးအဖွဲ့တွေက လိုက်လံပို့ဆောင်တာလည်း ရှိပေမယ့် အများစုကတော့ လုံခြုံရေးလုံးဝစိတ်ချရတဲ့ အချိန်မှာမှ ပြန်ချင်ကြတယ်လို့ ပြောပါတယ်။

အကြမ်းဖက်သတ်ဖြတ်ခံရလို့ လူ ၈ ဦး သေဆုံးခဲ့ရတဲ့ ကိုင်းကြီးရွာသားတွေကတော့ လုံခြုံရေးချထားပေးရင်တောင် ဆက်လက်နေထိုင်ဖို့ ခက်ခဲနေတယ်လို့ ပြောပါတယ်။

ကိုင်းကြီးရွာနေ ဦးအောင်ကျော်စိန်က “လုံခြုံရေးပေးလို့ သွားနေတာတောင်မှ အဲ့ဒီနေရာမှာ ကျနော်တို့ ထာဝရမနေတော့ဘူး။ ရှိတဲ့တောင်ယာပစ္စည်းတွေ၊ ရှိတဲ့ အိမ်ထောင်ပစ္စည်းတွေ၊ ကျွဲတွေ၊ နွားတွေ အဲ့ဒါတွေ လုံးပန်းပြီးတော့မှ တနေရာမဟုတ်ရင်တနေရာ လမ်းဘေးနားမှာ ကိုယ့်တိုင်းရင်းသားနဲ့ အိမ်နီးချင်းနေရာပဲ နေချင်တယ်။” လို့ ပြောပါတယ်။

အစိုးရအနေနဲ့ ခိုင်မာတဲ့ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးအစီအမံတွေ ခိုင်ခိုင်မာမာမရှိသေးဘဲ ဒေသခံတွေကို နေရပ်မှာ ပြန်လည်နေရာချထားပေးဖို့ မလုပ်ဆောင်သင့်သေးဘူးလို့ နေရပ်စွန့်ခွာသူတွေကို ကူညီပေးနေသူတွေကလည်း ထောက်ပြနေတာရှိပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “နေရာချထားရေးမလုပ်ခင် အစိုးရအနေနဲ့ ကောင်းမွန်တဲ့ နေရာချထားမှုတခုဖြစ်အောင် စီမံဆောင်ရွက်ပေးသင့်တယ်လို့ မြင်တယ်။ အထူးသဖြင့် သူတို့တွေမှာပါလာတဲ့ ကလေးတွေရဲ့ ကျန်းမာရေး၊ ပညာရေးတွေကအစ နေရာချထားရေးမလုပ်ခင် ဒီဘက်မှာ စနစ်တကျလုပ်သင့်တယ်။ အခုက အရပ်ဘက်အဖွဲ့တခုက တာဝန်ယူပြီး လုပ်နေတဲ့ပုံစံဖြစ်နေတယ်။ အစိုးရအနေနဲ့ ဒီလူတွေနဲ့ အကောင်းဆုံးဖြစ်အောင် စီမံဆောင်ရွက်ဖို့လိုတယ်လို့ ပြောချင်တယ်။” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ ၂၀၁၆ အောက်တိုဘာ ၉ ရက်နေ့မှာ ပထမအကြိမ် ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့မှာ ဒုတိယအကြိမ် အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တာပါ။

သြဂုတ်လကုန်နဲ့ စက်တင်ဘာလလယ်အထိ ထိတွေ့တိုက်ပွဲ ၉၃ ကြိမ်ဖြစ်ခဲ့ပြီး သေကျေကျဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ကျဆုံးသူ ၁၂ ဦးနဲ့ အရပ်သား သေဆုံးသူ ၃၀ ရှိပြီး နေအိမ် ခြောက်ထောင်ကျော် မီးလောင်ပျက်စီးခဲ့တယ်၊ ဒေသက တိမ်းရှောင်သူ သုံးသောင်းနီးပါးရှိတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013