DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် တနိုင်းမြို့ ဆန်တင်သွင်းခွင့်မရသည်မှာ ၅ လရှိပြီ
DVB
·
September 17, 2017
ကချင်ပြည်နယ် တနိုင်းမြို့ ဆန်တင်သွင်းခွင့်မရသည်မှာ ၅ လရှိပြီ
Donate to DVB

ကချင်ပြည်နယ်၊ တနိုင်းမြို့ကို ဆန်တင်သွင်းခွင့်မရတာ ၅ လကြာပြီဖြစ်တာကြောင့် ဆန်ဈေးမြင့်တက်နေပြီး တော်တော်ခက်ခဲနေပြီလို့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့မေလကစပြီး တင်သွင်းခွင့်မရပဲ ဖြစ်နေတာပါ။ ကချင်ပြည်နယ်၊ တနိုင်းနဲ့ ရှင်ဗွေယန်မြို့တွေကို ဆန်နဲ့ စက်သုံးဆီသွင်းခွင့်ကို အစိုးရတပ်က ၂၀၁၆ ခုနှစ်ကပဲ အကန့်အသတ်နဲ့ တင်သွင်းခွင့် ပြုထားတာပါ။

ဒေသခံ ဆန်ကုန်သည်တယောက်က “အခုက ခွဲတမ်းမချပေးတာ ၅ လရှိပြီ။ ဆန်တအိတ်ကို ၄၅၀၀၀ ဖြစ်နေတယ်။ ဒါကလည်း မှောင်ခိုနဲ့ နည်းနည်းစီလာတဲ့ ဆန်ကိုဝယ်ပြီး မိတ်မပျက်အောင် ရောင်းနေရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။ စက်သုံးဆီကတော့ တင်သွင်းခွင့်ရနေတယ်လို့ သူက ဆိုပါတယ်။

တနိုင်းမြို့နယ်ထဲက ရှင်ဗွေယန်မြို့မှာတော့ တလကို စက်သုံးဆီ ပေပါ ၃၀၀ နဲ့ ဆန် အိတ် ၃၉၀၀ ကျော် တင်သွင်းခွင့်ရနေတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောပါတယ်။

“တလတကြိမ်တင်သွင်းခွင့်ရတယ်ဆိုပေမယ့် ခွဲတမ်းရဖို့တင်နေရတာကြောင့် ၂ လမှာ တကြိမ်ပဲရတဲ့ သဘောဖြစ်နေတယ်။ တနိုင်းမှာကတော့ လုံးဝ ခွဲတမ်းမရလို့ လူတွေလည်း တော်တော်ဒုက္ခရောက် နေပြီ။”

ဆန်တင်သွင်းခွင့်ရဖို့အတွက် ကုန်သည်တွေက မြို့နယ်အုပ်ချုပ်ရေးမှာ လျှောက်ထားရပြီး သက်ဆိုင်ရာ အစိုးရတပ်က ခွင့်ပြုမှ တင်သွင်းရတာပါ။ သယ်ယူတဲ့လမ်းကြောင်းတလျှောက်မှာ စစ်တပ်ဂိတ် ၆ ခုနဲ့ စစ်ဆေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနား-နမ္မတီ-တနိုင်း လမ်းမှာ သွားလာနေတဲ့ ဆန်နဲ့စက်သုံးဆီ ကားတွေကို အစိုးရတပ်က ပိတ်ပင်တားဆီးတဲ့အတွက် အမြန်ဖယ်ရှားပေးဖို့ တနိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ဇန်န၀ါရီလတုန်းက ကာကွယ်ရေးဦးစီးချုပ်ဆီကို စာရေး တောင်းဆိုခဲ့ပါတယ်။

ဒီလို တောင်းဆိုပြီးနောက်ပိုင်း အကြောင်းမထူးတဲ့အတွက် ပြီးခဲ့တဲ့ မေလက ပြည်သူ့လွှတ်တော်မှာ မေးမြန်းရာမှာတော့ ကန့်သတ်ပိတ်ပင်တာ မရှိဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်ကဖြေပါတယ်။

တနိုင်း၊ နန်းယွန်းနဲ့ ရှင်ဗွေယန်မြို့နယ်ခွဲတွေကို လိုအပ်ချက်ထက် ပိုသွင်းလာတဲ့ ဆန်နဲ့ စက်သုံးဆီ တွေဟာ KIA/KIO (ကချင်) ထိန်းချုပ်နယ်မြေတွေကို ရောက်သွားတတ်လို့  နယ်မြေလုံခြုံရေးအရ စိစစ်ဆောင်ရွက်နေတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒေသခံတွေကတော့ ဒီလိုပိတ်ဆို့တဲ့ဒဏ်ကို ပြည်သူတွေပဲ ခံနေရတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013