
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပမယ့် ၇၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ တက်ရောက်ဖို့ စက်တင်ဘာ ၁၆ ရက်ညက ရန်ကုန်မြို့ကနေ လေကြောင်းခရီးနဲ့ ထွက်ခွာသွားပါတယ်။
ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူဟာ စက်တင်ဘာ ၂၀ ရက်နေ့ ၇၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲကို တက်ရောက်ဖို့ရှိပြီး မြန်မာနိုင်ငံအကြောင်းကို ရှင်းလင်းပြောကြားမှာဖြစ်ပါတယ်။
အရင်တုန်းက အထွေထွေညီလာခံကို နိုင်ငံခြားရေးဝန်ကြီးတွေ သွားတာများပေမယ့် အခုအခါ ရခိုင်ကိစ္စနဲ့ ငြိမ်းချမ်းရေးကိစ္စတွေနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားမှာဖြစ်တဲ့အတွက် ဒုတိယသမ္မတအဆင့် သွားရောက်တာ ဖြစ်ပါတယ်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးဝန်ကြီးတွေ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးနဲ့ တာဝန်ရှိသူတွေက ပို့ဆောင်ခဲ့ကြတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
ဒုတိယသမ္မတနဲ့အတူ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နဲ့ တာဝန်ရှိသူတွေ လိုက်ပါသွားတယ်လို့ ဆိုပါတယ်။











