
ဘူးသီးတောင်မြို့ အထက ၂ ယာယီကယ်ဆယ်ရေးစခန်းမှာ ခိုလှူံနေကြတဲ့ လူဦးရေ ၇၀၀ လောက်ကို နေရာပြောင်းရွှေ့ခဲ့ပါတယ်။
မောင်တောမြို့နယ်ထဲက အကြမ်းဖက်တိုက်ခိုက်ခံရသူတွေနဲ့ စိုးရိမ်ရတဲ့ အခြေအနေတွေကြောင့် အထက ၂ မှာ လာရောက်ခိုလှူံနေသူ ၆၈၀ လောက်ကို ဘူးသီးတောင်မြို့ပေါ်က ဘုန်းကြီးကျောင်းတွေကို ဒီနေ့ စက်တင်ဘာ ၁၆ ရက်နေ့ နေ့လယ်ပိုင်းမှာ ပြောင်းရွှေ့ပေးလိုက်ပါတယ်။
ဘူးသီးတောင်မြို့ပေါ်က အခြေခံပညာကျောင်းတွေ ပြန်ဖွင့်တော့မှာ ဖြစ်တဲ့အတွက် အထက ၂ ကျောင်းကိုလည်း ပြန်လည်ဖွင့်လှစ်ဖို့အတွက် လိုအပ်တာတွေ စီစဉ်နိုင်ဖို့အတွက် အခုလို ပြောင်းရွှေ့လိုက်တာလို့ ဘူးသီးတောင် အရေးပေါ် ကူညီထောက်ပံ့ရေး ကော်မတီက ပြောပါတယ်။
ခိုလှုံနေသူတွေကို အလိုတော်ပြည့်ကျောင်း၊ မြစိမ်းရောင်ကျောင်း၊ ဓမ္မမဏ္ဍိုင်ကျောင်းတွေကို ပြောင်းရွှေ့နေရာချထားပေးပြီး သူတို့ရဲ့ စားသောက်နေထိုင်ရေးအတွက် မြို့နယ် စီမံခန့်ခွဲမှုကော်မတီက ကူညီဆောင်ရွက်ပေးမှာ ဖြစ်သလို ပြင်ပအကူအညီတွေကိုလည်း လက်ခံမယ်လို့ သိရပါတယ်။
ဘူးသီးတောင်မြို့မှာ ယာယီကယ်ဆယ်ရေးစခန်း ၁၁ ခုရှိပြီး အဲ့ဒီထဲက အထက ၂ စခန်းကို ပြောင်းရွှေ့လိုက်ပြီး နောက်ထပ် ၂ ခု ထပ်မံဖွင့်လှစ်လိုက်တဲ့အတွက် စခန်း ၁၃ ခုရှိပြီး ယာယီခိုလှုံသူ ၃၀၀၀ လောက် ရှိနေပါတယ်။ နေရပ်ပြန်သူအချို့ရှိပေမယ့် အများစုကတော့ မပြန်ရဲသေးဘူးလို့ ခိုလှုံနေသူတွေက ပြောပါတယ်။
အစိုးရရဲ့ သတင်းထုတိပြန်ချက်အရ ဒေသခံတိုင်းရင်းသား သုံးသောင်းလောက် နေရပ်စွန့်ခွာလာပြီး မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ရသေ့တောင်နဲ့ တခြားမြို့တွေမှာ ခိုလှုံနေကြရတယ်လို့ သိရပါတယ်။
သတင်း၊ဓာတ်ပုံ-ကိုအောင်











