ဂ၀ံမြို့ဟောင်းမှ အဆောက်ဦများ ဖျက်ဆီးမှုများ ရှိနေ

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်းက အင်္ဂပူတောကြီးတန်းထဲမှာ တွေ့ရှိထားတဲ့ ဂ၀ံမြို့ဟောင်းက အဆောက်အဦတွေ ဖျက်ဆီးမှုတွေ ရှိနေတယ်လို့ ထိန်းသိမ်းစောင့်ရှောက်သူတွေက ပြောပါတယ်။
ဂ၀ံမြို့ဟောင်းထဲမှာ တွေ့ရှိထားတဲ့ ဂ၀ံတံတိုင်းတွေ၊ ဂ၀ံကျောက်ကို ထွင်းထုထားတဲ့ လှိုဏ်ဂူနဲ့ အဆောက်အဦ ပျက်တွေကို ဒေသခံတွေက စောင့်ရှောက်ပေးနေပေမယ့် ကျောက်ထုတ်လုပ်သူတွေက လမ်းခင်းဖို့အတွက် ဖျက်ဆီးမှုတွေရှိနေပြီး သစ်ပင်ကြီးတွေကိုလည်း ခုတ်လှဲမှုတွေ ရှိနေတယ်လို့ ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြုလုပ်နေတဲ့ ဆရာတော် ဦးပညာသီရိက ပြောပါတယ်။
ကျောက်ထုတ်လုပ်သူတွေရဲ့ ဖျက်ဆီးမှုကြောင့် ယခင်က ဆင်များထား ရှိခဲ့ရာ ဆင်ကျုံးလို့ ယူဆရသောနေရာမှ ဂ၀ံကျောက်တုံးကြီးတွေ အားလုံး နီးပါးပျက်စီးခဲ့ပြီး နှစ်ရှည်ပင်စိုက်ရန်ဆိုကာ အပင်ကြီးတွေကို ခုတ်လှဲမှု တွေရှိနေတာကြောင့် တောတောင်ပတ်ဝန်ကျင်လည်း ပျက်စီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆရာတော်ဦးပညာသီရိက မိန့်ကြားပါတယ်။
အင်္ဂပူမြို့နယ်ထဲက ပုသိမ်-မုံရွာ ကားလမ်းပေါ်မှာရှိတဲ့ တောင်ဇင်းကျေးရွာရဲ့ အနောက်ဘက် ၂ မိုင် နီးပါးကွာဝေးတဲ့ အင်္ဂပူတောကြီးတန်းထဲမှာ တွေ့ရှိထားတဲ့ ဂ၀ံမြို့ဟောင်းကြီးက ဘုရားစေတီနဲ့ အဆောက်အဦပျက်တွေမှာ ဘီစီ ၆ ရာစု ဘီစီ ၃ ရာစုအတွင်း သုံးစွဲခဲ့တဲ့ ပျူအက္ခရာတွေ ရေးထိုးပါရှိတဲ့ လက်ရေးစင်း စပါးခွံအုတ်ချပ်တွေနဲ့ ပျူခေတ်ကျောက်ဆစ်နတ်ရုပ်တွေ ပျူခေတ်အသုံးအဆောင်တွေ ကိုလည်း တွေ့ရှိခဲ့တဲ့အတွက် ရှေးဟောင်းပျူမြို့တမြို့ဖြစ်နိုင်တယ်လို့ သမိုင်းသုတေသီ ဆရာဘုန်းတင့်ကျော်က ပြောပါတယ်။
“အဲ့ဒီဂ၀ံ မြို့ဟောင်းကြီးဟာ အ၀န်းပတ်လည် ၈ မိုင်ခန့်ရှိပြီး ဘယ်၊ ညာ နှစ်ဘက်တော့ ကာကင်းကုန်းနဲ့ မျှော်ကင်းကုန်း လို့ယူဆရတဲ့ ဂ၀ံကျောက်တွေနဲ့ တည်ဆောက်ထားတဲ့ ပေ ၂၀၀ ကျော်စီ ရှည်လျှားတဲ့ တောင်တန်းကြီးနှစ်ခု တည်ရှိနေပြီး ပျူခေတ်၊ပုဂံခေတ် အုတ်စီစနစ် ဖြစ်တဲ့ အုတ်ဒေါင်လိုက်စီထားတဲ့စပါးခွံ အုတ်ချပ်တွေနဲ့ တည်ဆောက်ထားတဲ့ ရှေးဟောင်းအုတ်လှေကား ရှည်ကြီးတွေကိုလည်း တွေ့ရှိထားပြီး အဆောက်အအုံတွေက အုတ်ချပ်တွေမှာ ရေးထိုးပါရှိတဲ့ ရှေးခေတ်အက္ခရာတွေဟာလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ နဲ့ ၂၃၀၀ လောက်က ဗုဒ္ဓဘာသာယဉ်ကျေးမှုကို ပြန်ပြနိုင်သလို ပျူခေတ်၊ပျူယဉ်ကျေးမှုကို ဖော်ပြတဲ့ ပျူမြို့ပြတစ်ခု ဖြစ်ခဲ့တယ်ဆိုတာကို သက်သေခံနေပါတယ်” လို့ ဂ၀ံမြို့ဟောင်းကို သွားရောက်လေ့လာခဲ့တဲ့ သမိုင်းသုတေသီ ဆရာဘုန်းတင့်ကျော်က ပြောပါတယ်။
အင်္ဂပူမြို့နယ်ထဲမှာ တွေ့ရှိထားတဲ့ ဂ၀ံမြို့ဟောင်းက ပျူခေတ်ကလို့ ယူဆရတဲ့ စေတီတော်ကို ပြန်လည်ပြုပြင်ပြီး အနီးအနားက ရွာတွေက ကိုးကွယ်နေတဲ့ ကြပ်ပြင်တောရစေတီတော် ထီးတော်တင်ပွဲကို မေလတုန်းက ကျင်းပခဲ့ရာမှာတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ်မန်းဂျော်နီတို့ အတူတက်ရောက်ထီးတော်တင်ပေးခဲ့ပါတယ်။
မြို့ဟောင်းကြီးမှာရှိတဲ့ တချို့ရုပ်တုတွေရဲ့ မူလလက်ရာတွေကို လွန်ခဲ့သော ၂၅ နှစ်လောက်က အင်္ဂပူတောကြီးတန်းထဲ မှာတောရ ဆောက်တည်ခဲ့တဲ့ ဆရာတော်ကြီးတွေကနေ ပြန်လည်ပြုပြင်ထားတာ တွေရှိနေပေမယ့် အဆောက်အဦအများစုနဲ့ ဂ၀ံလှိုဏ်ဂူကြီးတွေကတော့ မူလပုံစံအတိုင်းပဲရှိနေ တယ်လို့ ဒေသခံတွေကဆိုပါတယ်။
အခုလိုတွေ့ရှိထားတဲ့ ဂ၀ံမြို့ဟောင်းနယ်မြေမှာရှိတဲ့ ရှေးဟောင်း ဂ၀ံအဆောက်အဦတွေ စေတီပုထိုးတွေကို ဆက်လက်ပျက်စီးမှု မရှိစေဖို့နဲ့ မတွေ့ရှိသေးတဲ့ ရှေးဟောင်း အဆောက်အဦတွေကို ဆက်လက်ဖော်ထုတ်ဖို့အတွက် အဲ့ဒီဒေသကို ယဉ်ကျေးမှုနယ်မြေအဖြစ် ထိန်းသိမ်းပေးဖို့လိုအပ်နေတယ်လို့ သမိုင်းသုတေသီတွေက တိုက်တွန်းထားပါတယ်။
မြမင်းဦး(ပုသိမ်)











