DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်ရှိ ဟိုတယ်များတွင် သမီးရည်းစားများအား တည်းခိုခွင့်မပြုရန် ညွှန်ကြား
DVB
·
September 16, 2017
မော်လမြိုင်ရှိ ဟိုတယ်များတွင် သမီးရည်းစားများအား တည်းခိုခွင့်မပြုရန် ညွှန်ကြား
1 / 2
Donate to DVB

မော်လမြိုင်မြို့ရှိ ဟိုတယ်များတွင် စီစီတီဗွီတပ်ဆင်ဖို့နဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်စေဖို့ သမီးရည်းစားစုံတွဲတွေအပြင် ခရီးသွားဧည့်သည်တွေကို ခေတ္တတည်းခိုခွင့်မပြုဖို့ မော်လမြိုင်မြို့က ငွေမိုးဟိုတယ်အပါအ၀င် ဟိုတယ်လုပ်ငန်းရှင် ၄၀ ကျော်ကို ညွှန်ကြားထားကြောင်း မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။ ဟိုတယ်မှာ အချိန်ပိုင်းလာရောက်တည်းခိုသူတွေဆီက အထောက်အထား (သို့မဟုတ်)နိုင်ငံသားစိစစ်ရေးကတ်ပြားကို သေချာစွာစိစစ်ပေးဖို့နဲ့ သမီးရည်းစားစုံတွဲတွေအတွက် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်စေရေး၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေ ရောင်းဝယ်ခြင်းတွေကို တားဆီးနိုင်ဖို့အတွက် ညွှန်ကြားထားတာလို့ မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။ “ခဏတာတည်းခိုခွင့် မပြုဘူး။ လာရင်လည်း မှတ်ပုံတင်ပါမှ လက်ခံရမယ်၊ လူငယ်စုံတွဲလမ်းမှားပေါ်မရောက်ဖို့၊ အရွယ်မတိုင်ခင်မှာ မလိုလားအပ်တဲ့ ရောဂါဆိုးတွေ၊ ကိုယ်ဝန်တွေလည်း ရနိုင်တယ်” လို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောပါတယ်။ ဟိုတယ်အခန်းတွေမှာ စီစီတီဗွီတပ်ဆင်ဖို့ ညွှန်ကြားထားတယ်လို့ ကောလာဟလ တွေထွက်ပေါ်နေပြီး ဟိုတယ်ပတ်ဝန်းကျင်ကိုသာ တပ်ဆင်ဖို့ ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ဦးမြင့်ဦးက ဆက်ပြောပါတယ်။ “ဟိုတယ်နဲ့ တည်ခိုခန်းလုပ်ငန်းရှင်တွေ ဘက်ကတော့ အချိန်ပိုင်းတည်းခိုမှုကို အားလုံး လက်မခံဘူးဆိုရင် သူတို့လည်း လက်မခံဘူးပေါ့၊ တယောက်က လက်ခံပြီး တခြားလူက လက်မခံဘူးဆိုရင်တော့ စီးပွားရေးအဆင်မပြေနိုင်ဘူးလို့ပြောတယ်” လို့ ဆက်ပြောပါတယ်။ မော်လမြိုင့်မြို့ရှိ ငွေမိုးဟိုတယ်မှ ဟိုတယ်မန်နေဂျာ ဒေါ်နေမျိုးနွယ်က “အစ်မတို့ ဟိုတယ်က စီစီတီဗွီ နဂိုကတည်းက တပ်ဆင်ပြီးသားပါ၊ အချိန်ပိုင်းတည်းခိုမှုကိုလည်း အစ်မတို့ဆီမှာ လက်မခံထားပါဘူး၊ အစ်မတို့ မိသားစုတွေ၊ ကော်ပိုရေးရှင်းတွေ၊ နိုင်ခြားသားဧည့်သည်တွေနဲ့ လူကြီးလူကောင်းတွေအတွက်ကို ရည်ရွယ်ထားတော့ အချိန်ပိုင်းတည်းခိုခွင့် မပြုထားပါဘူး၊ နဂိုကတည်းက လုပ်ဆောင်ပြီးသားဖြစ်တဲ့အတွက် အစ်မတို့မှာ အခက်အခဲ မရှိပါဘူး၊ နဂိုကတည်းက လူငယ်စုံတွဲတွေ အချိန်ပိုင်းတည်းခိုတာကို လက်မခံထားပါဘူး” လို့ ပြောပါတယ်။ လုပ်ငန်းရှင်တွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက သြဂုတ် ၃၁ ရက် ကတည်းက အသိပေးထားပြီးဖြစ်တဲ့အတွက် လိုက်နာခြင်းမရှိပါက ဥပဒေအရ အရေးယူသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ “ကျနော်တို့က တည်းခိုခန်းတွေကို ကြီးကြပ်တယ်၊ လိုက်စစ်တဲ့အဆင့်ထိတော့ မရောက်သေးဘူး၊ ပြောထားတဲ့အဆင့်ပဲ ရှိသေးတယ်၊ စစ်မယ်ဆိုရင်လည်း စုပေါင်းအဖွဲ့ အုပ်စုဖွဲ့နဲ့ စစ်မှရမယ်” လို့ မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးကော်မတီက ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောပါတယ်။ မွန်ပြည်နယ်တွင် ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းအထိ စာရင်းများအရ ဟိုတည်နဲ့ တည်းခိုးခန်း ၄၉ လုံးအထိရှိလာပြီး အခန်းပေါင်း ၁၆၈၈ ခန်းရှိတယ်လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက သိရပါတယ်။ သတင်းနှင့်ဓာတ်ပုံ-အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013