DVB Logo
Home
Lead Story
နေပြည်တော်၏ နိုင်ငံရေး အပြောင်းအလဲကာလနောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေး (စတုတ္ထပိုင်း)
DVB
·
September 15, 2017
နေပြည်တော်၏ နိုင်ငံရေး အပြောင်းအလဲကာလနောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေး (စတုတ္ထပိုင်း)
Donate to DVB

(ယခင်တပတ်မှအဆက်)

မြန်မာနိုင်ငံတွင်း တရုတ်တို့၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မှတ်တမ်းများနှင့် ပတ်သက်သည့် အပြင်းထန်ဆုံးသော ဝေဖန်ချက်တချို့မှာ အရပ်ဘက်အဖွဲ့အစည်းများမှ လာခြင်းဖြစ်သည်ကို သတိပြုမိသဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ကျင့်ဝတ်များ တိုးတက်ထွန်းကားရေးကို အထူးပြုသည့် ပီကင်းမှ အန်ဂျီအိုတခုဖြစ်သော ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အင်စတီကျု (Global Enviromental Institute) က အမြတ်အစွန်း ရရှိရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြား ဟန်ချက်ညီ ဖြစ်ရေးမှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးပုံကို မြန်မာနိုင်ငံမှ သက်ဆိုင်သူများက အာရုံစိုက်လာစေရန်အတွက် အစည်းအဝေးများစွာနှင့် လေ့ကျင့်သင်ကြားရေး အစီအစဉ်များကိုလည်း ဦးစီးဦးဆောင် ကျင်းပပေးခဲ့သည်။

ပညာရပ်ဆိုင်ရာ နယ်ပယ်တွင်လည်း၊ မြန်မာနှင့် တရုတ်ပညာရှင်များအကြား အပြန်အလှန် လည်ပတ်ဆွေးနွေး အမြင်ဖလှယ်ခြင်းများ တိုးမြှင့်ခဲ့ကြပြီး တရုတ် နိုင်ငံတကာလေ့လာရေး အင်စတီကျု၊ ရှန်ဟဲ နိုင်ငံတကာလေ့လာရေး အင်စတီကျု၊ ခေတ်ပြိုင် နိုင်ငံတကာဆက်ဆံရေး တရုတ်အင်စတီကျုကဲ့သို့သော ဉာဏ်ကြီးရှင်အဖွဲ့များအပြင် ပီကင်းတက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးဌာန၊ ယူနန်တက္ကသိုလ်မှ မြန်မာလေ့လာရေးဌာန စသည်တို့က အဓိကပြဿနာများအပေါ် မြန်မာမိတ်ဘက်များနှင့် ဆွေးနွေးပွဲများ ကျင်းပရန် အခွင့်အရေးများ ရရှိခဲ့ကြသည်။

၃။    တရုတ်စီးပွားရေးလုပ်ငန်းများအတွင်း လှုမှုအဖွဲ့အစည်းဆိုင်ရာ တာဝန်ယူမှု၊ တာဝန်ခံမှု စိတ်ဓာတ်မြှင့်တင်ခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံအချို့ရှိ တရုတ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကြီးများနှင့် လုပ်ငန်းငယ်များမှာ ဒေသဆိုင်ရာ အလုပ်သမား ဥပဒေများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လိုက်နာမှုမရှိခြင်း သို့မဟုတ် ဒေသဆိုင်ရာ ဓလေ့ထုံးစံများကို လေးစားမှု မရှိခြင်းတို့ကြောင့် လူကုံထံတွင် တရုတ်ဆန့်ကျင်ရေး ခံစားချက်များ ပေါက်ဖွားလာခဲ့ကြသည်။ မြန်မာနိုင်ငံရှိ တရုတ်စီးပွားရေးလုပ်ငန်းများမှ အငြင်းပွား အချင်းများမှုများသည်လည်း ပီကင်းနှင့် နေပြည်တော်၏ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးတွင် ထင်ထင်ရှားရှား ထွက်ပေါ်လာလေသည်။ မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းလိုက်ပြီးသည့်နောက်ပိုင်း အခြေအနေကို ထိန်းသိမ်းရန် ပီကင်းက တရုတ်ကုမ္ပဏီများ လိုက်နာရန် ညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့သည်။

ဥပမာအားဖြင့် ၂၀၁၂ ခုနှစ် ဇွန်လက ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (MOFCOM) က ကုမ္ပဏီများအနေဖြင့် နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်ရာ၌ လိုအပ်သည့် နိုင်ငံခြားဘာသာစကား သင်တန်းပေးခြင်းကဲ့သို့ သက်ဆိုင်ရာ ဥပဒေများ၊ ဘာသာရေးနှင့် လူမှုရေး ဓလေ့ထုံးစံများကို သင်တန်းပေးရန် ဆော်သြခဲ့ခြင်းမျိုး ဖြစ်သည်။ ထို့နောက်ပိုင်းတွင် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန MOFCOM နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့က ပူးတွဲ၍ ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ ထိုညွှန်ကြားချက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် တရုတ်ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအပေါ် လူမှုရေး တာဝန်ယူမှု၊ တာဝန်ခံမှုကို တက်တက်ကြွကြွ ထုတ်ဖော်ပြသပြီး၊ တရုတ်ကုမ္ပဏီများ၏ နိုင်ငံတကာပုံရိပ်ကို တည်ဆောက်ကာ အိမ်ရှင်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ပံ့ကူညီရန် လမ်းညွှန်ချက်များ ဖြစ်လေသည်။

၎င်းတို့ဘက်အနေဖြင့် တရုတ်ကုမ္ပဏီများသည် သူတို့၏ လုပ်ငန်း လက်တွေ့ ဆောင်ရွက်ချက်များကို ပြန်လည်သန့်စင်ကာ သူတို့၏ ဝန်ထမ်းများအပေါ် အခြေခံ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး သက်ရောက်နိုင်ခြေရှိမှုများကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းကောင်းများနှင့်အညီ ဒေသခံ လူ့အသိုက်အဝန်း၏ လိုအပ်ချက်ကို ထည့်သွင်းစဉ်းစားလျက် လုပ်ကိုင်ဆောင်ရွက်ကြရန် တောင်းဆိုခဲ့ကြသည်။ ဥပမာအားဖြင့် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ဆောင်ရွက်နေသည့် နိုင်ငံတော်ပိုင် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) အနေဖြင့် ဒေသဆိုင်ရာ လူမှုအသိုက်အဝန်းအတွင်း လမ်းတံတား ဆောက်လုပ်ရေးလုပ်ငန်းများ၊ ကျန်းမာရေး ကူညီစောင့်ရှောက်မှု၊ ပညာရေးနှင့် ကပ်ဘေးသင့်သူများအား ပြန်လည်ထူထောင်ရေး ကိစ္စများကို အသေးစိတ်ကျကျ ကူညီဆောင်ရွက်ခြင်းဖြင့် လက်ဦးမှုရှိရှိ စတင် လုပ်ကိုင်ခဲ့လေသည်။

လက်ပံတောင်း ကြေးနီသတ္တုတွင်းကို လုပ်ကိုင်နေသည့် အခြားသော တရုတ်အစိုးရပိုင် ဝမ်ပေါင် သတ္တုတွင်း ကုမ္ပဏီလီမိတက်သည်လည်း ဒေသခံ ဆန့်ကျင်သူများကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ စာသင်ကျောင်းများကို ဆောက်လုပ်ပေးခြင်း၊ ကျေးရွာများ လျှပ်စစ်ဓာတ်အား ရစေရန် မဟာဓာတ်အားလိုင်းနှင့် ဆက်သွယ်ပေးခြင်းများ ပြုလုပ်ပေးသကဲ့သို့ အရွှေ့ပြောင်းခံ ကျေးရွာသားများကို နစ်နာကြေးပေးခြင်းများ ပြုလုပ်ခဲ့သည်။ ဖြစ်ရိုးဖြစ်စဉ် လုံးဝမဟုတ်သည့် လှုပ်ရှားမှုအဖြစ် စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် အစုစပ်များနှင့် ရှယ်ယာခွဲဝေမှုတွင် သူ၏ အကျိုးအမြတ်ဝေစုကို လျှော့ချနိုင်ရန် စာချုပ်ကို ပြန်လည်ချုပ်ဆိုပေးခဲ့သည်။ တရုတ်ကုမ္ပဏီများ၏ မြန်မာမဟာဗျူဟာ ပြန်လည်ပြင်ဆင်ရေးသည်။ မြန်မာလူထု တစိတ်တပိုင်း၏ တစုံတရာ ထောက်ခံမှုများ ရနေဟန်ရှိချိန်တွင် ထိုသို့သော လူမှုရေးအရ နှစ်လိုဖွယ်ကောင်းသည့် လုပ်ရပ်မျိုးကို တရုတ်ပြည်ပြင်ပတွင် သွားရောက်ရင်းနှီးမြှုပ်နှံသည့် ကော်ပိုရေးရှင်းများအပေါ် ပိုမိုတင်းကျပ်သည့် လမ်းညွှန်မှုများ၊ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများဖြင့် အတင်းအကြပ် လိုက်နာစေခြင်းကို ပီကင်းက ဆက်လက်လုပ်ဆောင်ရန် စွမ်းရည်နှင့် ဆန္ဒ ရှိ၊ မရှိမှာကား မသေချာလှပေ။

၎။   အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ကြားဝင်စေ့စပ်ပေးရန်

ဗမာလူမျိုးမှ ဆင်းသက်လာသူ အများစုနှင့် အခြား မတူကွဲပြားသော တိုင်းရင်းသား လူမျိုးစုများစွာ ပါဝင်သည့် လူမျိုးပေါင်းစုံ နေထိုင်သော မြန်မာနိုင်ငံသည် အမျိုးသားရင်ကြားစေ့ရေး ပြည်တွင်းစိန်ခေါ်မှုနှင့်လည်း ရင်ဆိုင်နေရလေသည်။ လူနည်းစု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ၊ တချို့သောအဖွဲ့များက ပင်လုံညီလာခံကို တက်ရောက်၍ မြန်မာအစိုးရနှင့် ဆွေးနွေးနေကြသည်။ တိုင်းရင်းသားအဖွဲ့အချို့နှင့် ဗဟိုအစိုးရအကြား လက်နက်ကိုင်ပဋိပက္ခအချို့ ဆက်လက်ဖြစ်ပွားနေစဉ်မှာပင် လက်နက်ကိုင် လူနည်းစု တိုင်းရင်းသားအဖွဲ့ အများအပြားမှာလည်း အပစ်အခတ် ရပ်စဲရေးအတွက် စေ့စပ်ဆွေးနွေးနေသလို အချို့အဖွဲ့များကလည်း နိုင်ငံတော်နှင့် ယာယီ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးလျက် ရှိနေသည်။

၂၀၀၉ ခုနှစ်က နေပြည်တော်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့်တပ် (BGF) ဖွဲ့စည်းပြီး ဗဟို၏ကွပ်ကဲမှုကို လိုက်နာရန် တောင်းဆိုခဲ့ရာ တင်းမာမှုများ ပြန်လည်ထွက်ပေါ်လာကာ၊ ညီညွတ်သော ဝ ပြည်နယ် တပ်မတော် (UWSA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA-ရှမ်းအရှေ့၊ အထူးဒေသ-၄) စသည့် အဓိကအဖွဲ့ကြီးများသည် အစိုးရတပ်များနှင့် ရင်ဆိုင်ရန် ပြင်ဆင်ခဲ့ကြလေသည်။ မြန်မာနှင့် သူ၏ နယ်စပ်တလျှောက် တည်ငြိမ်ရေးကို ဆန္ဒရှိသည့် တရုတ်ပြည်သည် မြန်မာနိုင်ငံ၏ ပြည်တွင်း တိုင်းရင်းသားအရေး တင်းမာမှုများအပေါ် ဂရုတစိုက် တုံ့ပြန်ခဲ့သည်။ နေပြည်တော်က မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA- ရှမ်းမြောက်၊ အထူးဒေသ-၁) ကို တိုက်ခိုက်ခဲ့သည့် ကိုးကန့်ပဋိပက္ခနောက်ပိုင်း၊  စစ်ပြေးဒုက္ခသည် ပြဿနာနှင့် ရုတ်တရက် ဒုတ်ဒုတ်ထိ ရင်ဆိုင်လိုက်ရသော ပီကင်းသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား နေပြည်တော်အပေါ် ဗျူဟာမြောက် ဖိအားအနေဖြင့် အသုံးချရမည့် ကြားခံဖြစ်သည်ဆိုသည့် လွဲမှားသည့် စိတ်ကူးယဉ်မှုမျိုး မထားတော့ချေ။ ဤသို့အားဖြင့် ပိုနေမြဲ ကျားနေမြဲ ခပ်မဆိတ်နေသည့် သူ၏ရပ်တည်ချက်မှ အမျိုးသားရင်ကြားစေ့ရေးကို အားပေးမည် ဆိုသည့် ပေါ်လစီဘက်သို့ ရွေ့လျားလာခဲ့သည်။ ထိုပေါ်လစီအရွေ့ကြောင့် မြန်မာအနေဖြင့်လည်း တရုတ်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပြဿနာဖြေရှင်းရေးတွင် အတားအဆီးတခု မဟုတ်မှန်း စိတ်ချယုံကြည်လာစေသည်။

တရုတ်ပြည်က နေပြည်တော်နှင့် UWSA အကြား၊ ကြားဝင်ဖျန်ဖြေမှု အောင်မြင်ပြီးနောက် နိုင်ငံတော်အစိုးရနှင့် KIA အကြား ပြန်လည်အစေးကပ်ရန် ပန်ကြားမှုမှာ ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသောအခါတွင် လျစ်လျူရှုခြင်းကို ခံရလေသည်။ ၂၀၁၂ ခုနှစ်နောက်ပိုင်းကာလ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ လိုင်ဇာပတ်ဝန်းကျင်တဝိုက်တွင် တိုက်ပွဲများ အရှိန်မြင့်လာသည့်အခါ တရုတ်ပြည်သည် အဆိုပါ ပစ်ခတ်တိုက်ခတ်မှုများကို ရပ်ဆိုင်းရန် စတင်ကြိုးပမ်းခဲ့ပြီး အပစ်အခတ်ရပ်စဲကြရန် နှစ်ဘက်စလုံးကို တောင်းဆိုခဲ့သည်။ တရုတ်-မြန်မာ နှစ်နိုင်ငံ အရပ်ဘက်-စစ်ဘက် အဆင့်မြင့်ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးပွဲများ ပြီးဆုံးပြီး မကြာမီ မြန်မာ့တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ရပ်စဲသွားခဲ့သည်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်ပြည် ရွှေလီမြို့တွင် မြန်မာအစိုးရနှင့် KIA အကြား တင်းမာမှုများ လျော့ကျစေကာ ဆွေးနွေးမှုများကို ရှေ့ဆက်နိုင်စေခဲ့သော တွေ့ဆုံဆွေးနွေးပွဲတခုကို စီစဉ်ပေးခဲ့သည်။ ပီကင်းအနေဖြင့် နောက်တလတွင် ထိပ်တန်းသံတမန်တဦးဖြစ်သူ ဝမ်ယိဖန်းကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်နိုင်ခဲ့သည်။ တရုတ်ပြည်၏ ကြိုးပမ်းမှုများသည် စေတနာအရင်းခံကြောင့်ဖြစ်ပြီး ခက်ခက်ခဲခဲ ကိုင်တွယ်ခဲ့ရသော်လည်း ဆွေးနွေးပွဲများတွင် အနည်းငယ် အောင်မြင်မှုရခဲ့ခြင်းက ပီကင်း၏ အပြုသဘော ပါဝင်မှုကို အသိအမှတ်အပြုခံရပါသည်။

တရုတ်ပြည်၏ အမျိုးသားအကျိုးစီးပွား ဖြန့်ကြက်လာသည်နှင့်အမျှ ပီကင်းမှ နိုင်ငံခြားရေးပေါ်လစီ ရေးဆွဲသူများသည် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များအဖြစ် အထူးတာဝန်ပေး ခန့်အပ်ထားသော ယာယီကိုယ်စားလှယ်အဖွဲ့ဝင်များကို အခြေအနေနှင့် လိုက်လျောညီထွေ စေလွှတ်ခြင်းဖြင့် တရုတ်သံတမန် ဆက်ဆံရေးနည်းပရိယာယ်ကို ပြန်လည်ပြင်ဆင်ခဲ့ပုံရပေသည်။ တရုတ်ပြည်အနေဖြင့် ကာလရှည်ကြာ ဆုပ်ကိုင်ထားသော အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်သော ပေါ်လစီမှ ဖယ်ခွာရန်သင့်ပြီ ဆိုသည့် အကြံပြုတင်ပြချက်မှာ “လိုက်လျောညီထွေ ပါဝင်ပတ်သက်ခြင်း” (creative involvement) ဆိုသည့် အယူအဆပင် ဖြစ်သည်။ ထိုအယူအဆက ပီကင်းအနေဖြင့် နိုင်ငံတကာ အရေးကိစ္စများတွင်  ပိုမိုတက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ရန် အပြုသဘောဆောင် ချဉ်းကပ်မှုကို ဦးဆောင်ရှေ့ရွက်ပြုနိုင်မည် ဖြစ်သည်။ တရုတ် လမ်းညွှန်ချက်များကို လက်ခံရန် မြန်မာအထက်လွှာများ (Elites) နှင့် ပြည်သူလူထုအပေါ် ဗြောင်ကျကျ သြဇာပေးလွှမ်းမိုးခြင်းထက် မြန်မာနိုင်ငံမြောက်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ်မှတဆင့် တရုတ်၏ အပြုသဘောဆောင် ကြားဝင်စေ့စပ်မှုက တရုတ်၏ပေါ်လစီကို ပြန်လည်ထိန်းညှိမှုသည် ပိုမိုသိမ်မွေ့ကြောင်း၊ ပြည့်စုံမှန်ကန်ကြောင်း သက်သေပြလေသည်။

(နောက်တပတ်ဆက်လက်ဖော်ပြပါမည်။)

ရဲထွန်း (သီပေါ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013