မြန်မာနိုင်ငံ ပန်းဈေးကွက်ထဲကို ပြည်ပကပန်းတွေ အဆက်မပြတ် ဝင်ရောက်နေတာကြောင့် ပြည်တွင်း ပန်းဈေးကွက်ပျက်ပြီး ပန်းစိုက်ပျိုးသူတွေနဲ့ ပန်းရောင်းချသူတွေ အရှုံးပေါ်နေတယ်လို့ တိုက်ကြီးမြို့နယ်ထဲက ပန်းစိုက်ပျိုး လုပ်ကိုင်သူတွေက ပြောပါတယ်။
နှင်းဆီမြိုင်ကျေးရွာမှ ပန်းစိုက်တောင်သူ ဦးမျိုးမြင့်အောင်က “ကျနော် အခုဆို နှင်းဆီပန်း စိုက်ပျိုးတာ ၉ နှစ် ရှိပါပြီ။ အရင်နှစ်တွေက ဒီလောက် မဆိုးပါဘူး။ မနှစ်ကနဲ့ ဒီနှစ် တော်တော်ဆိုးလာပါတယ်။ အရင်က ခြံထဲမှာတင် နှင်းဆီပန်း ဆယ်ပင် တစည်းကို ၄၀၀ ကျပ် ရောင်းရပါတယ်။ မနှစ်ကနဲ့ ဒီနှစ်ဆို ၂၀၀ ကျပ်ပဲ ရောင်းရတယ်။ ဒါဆို ဘယ်လိုမှ မကိုက်တော့ဘူး။ ပန်းက ဈေးမရဘူး။ ဒါပေမယ့် သုံးရတဲ့ ဆေးတွေ၊ အမိုးအကာတွေက ဈေးတက်လာပါတယ်။ နှင်းဆီအပင် ၅၀၀၀ စိုက်မယ်ဆို ဝါး၊ အမိုးအကာနဲ့ ပိုးသတ်ဆေးဖိုးနဲ့ဆို ၁၀ သိန်းအထိ ကုန်ကျပါတယ်။ အခုလို ပန်းဈေးကျတဲ့အတွက် ကျနော်တို့ ဆက်လက်စိုက်ပျိုးဖို့အတွက် အဆင်မပြေနိုင်တော့ပါဘူး” လို့ ပြောပါတယ်။
သိရိမင်္ဂလာဈေးကို နေ့စဉ် ပန်းတင်ပို့ရောင်းချနေသူ ကိုတေဇာလွင်က “တရုတ်က ပန်းတွေဝင်လာပြီဆို ကျနော်တို့ နှင်းဆီပန်းတွေက ဈေးကွက်မှာ ဆယ်ပွင့် တစည်းကို ၁၅၀ ပဲ ရောင်းရပါတယ်။ အရင်နှစ်တွေကဆို ခြံထဲမှာတင် ၄၀၀ ပေးရတယ်။ ဈေးကွက်မှာဆို ၆၀၀ အထိ ရောင်းရတယ်။ အခုကတော့ ဈေးကွက်မှာလည်း ဈေးမရတော့ ကျနော်တို့ ပန်းကုန်သည်တွေက ခြံတွေမှာ ဈေးမပေးနိုင်ဘူး။ အဲ့တော့ ကျနော်တို့ ကုန်သည်တွေမှာ အဆင်မပြေဘူး။ သူတို့ပန်းတွေက မဝင်ဘူးဆို တစ်ပတ်ကို ၆ ရက်ဝင်တယ်။ ၁ ရက်လောက်ပဲ မဝင်တာ။ အဲ့ဒီရက်ဆို မြန်မာနိုင်ငံက ပန်းတွေက စုပြုံကျတော့ အဆင်မပြေပြန်ဘူး။ အရင်က တရုတ်ကဝင်တဲ့ ကျူးလစ်ပန်းတစ်စီးကို ၁၅၀၀၀ ခွဲပေးရတယ်။ အခုက ၃၀၀၀ လောက်အထိ လျှော့ချပြီးရောင်းတော့ ကျနော်တို့ ပန်းကုန်သယ်တွေလည်း အဆင်မပြေဘဲ အရှုံးပေါ်နေပါတယ်” လို့ ပြောပါတယ်။
ပန်းရောင်းချသူ အမျိုးသမီးတစ်ဦးက “တရုတ်က ပန်းတွေ ဝင်လာရင် ကျမတို့ ပန်းတွေက ဝယ်သူမရှိတော့ဘူး။ တခါတလေဆို အမိုက်ပုံထဲ လွှင့်ပစ်ရတဲ့အထိ ဖြစ်ပါတယ်။ အဲဒီလိုပဲ ပန်းစိုက်ပျိုးတဲ့ တောင်သူတွေကလည်း ဆေးဖိုးတို့၊ အမိုးအကာဖိုးနဲ့ အလုပ်သမားခတွေက ကြီးလာတော့ ဒီနှစ်ဆို ပန်းစိုက်ပျိုးတဲ့သူ နည်းသွားပါတယ်” လို့ ပြောပါတယ်။
တိုက်ကြီးမြို့နယ်မှာ များသောအားဖြင့် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်တဲ့မြို့ဖြစ်ပြီး သီးပင် စားပင်နဲ့ ပန်းစိုက်ပျိုးမူကို အားထားလုပ်ကိုင်နေရာမှာ အရင်နှစ်ကစပြီး မြန်မာနိုင်ငံ ပြည်တွင်းပန်းဈေးကွက်ကို တရုတ်နိုင်ငံမှ ကျူးလစ်ပန်း၊ ပဲပန်း၊ ကာနေရှင်းပန်းနဲ့ ရွှေပန်းသီး စတဲ့ ပန်းတွေ ဝင်ရောက်လာကာ အရင်ဈေးနှုန်းတွေနဲ့ မတူဘဲ ဈေးချရောင်းချမှုတွေကြောင့် ပြည်တွင်း ပန်းစိုက်ပျိုး ရောင်းချသူတွေဟာ ဆက်လက်စိုက်ပျိုး ရောင်းချဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
တိုက်ကြီးမြို့နယ်အတွင်းမှာ ပန်းစိုက်ပျိုးဧက ၂၅၀ ကျော်နဲ့ စိုက်ပျိုးသူဦးရေ ၂၀ ကျော် ရှိပြီး နှင်းဆီပန်းကိုတော့ အဓိက စိုက်ပျိုးကြတယ်လို့ သိရပါတယ်။
သတင်း - မေသွယ်











