DVB Logo
Home
မြန်မာသတင်း

လူမျိုးဖြုတ် ရှင်းလင်းမှု စွပ်စွဲချက် မြန်မာသံအမတ်ကြီး ပြင်းပြင်းထန်ထန် ကန့်ကွက်

DVB
·
September 14, 2017
Donate to DVB

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေကို လူမျိုးဖြုတ် ရှင်းလင်းမှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရဲ့ စွပ်စွဲပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၁၂ ရက်က  ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ အထွေထွေအစည်းအဝေးမှာ မြန်မာနိုင်ငံ ကိုယ်စားလှယ်က တုံ့ပြန်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းသံအမတ်ကြီး ဦးထင်လင်းက “လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးရှင်းလင်းမှုဆိုတဲ့ ဝေါဟာရ စကားလုံး အသုံးအနှုန်းတွေဟာ အလွန်ပြင်းထန်တဲ့ အဓိပ္ပာယ်တွေရှိတယ်။ ဒီစကားလုံးတွေကို တာဝန်ခံမှုအရှိဆုံး ပုံစံနဲ့သာ သုံးစွဲနိုင်ပါတယ်။ တရားဥပဒေနဲ့ တရားစီရင် ဆုံးဖြတ်ချက်တွေအရသာ သုံးနိုင်ပါတယ်။ ဒီလို ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်မျိုးကို ဒီမိုကရေစီ မြန်မာနိုင်ငံမှာ လုံးဝသည်းခံမှာ မဟုတ်ပါဘူး။ လူ့အခွင့်အရေး မဟာမင်းကြီးက မနေ့က အဲဒီလို သုံးနှုန်းခဲ့တာအတွက် မြန်မာနိုင်ငံက  အပြင်းအထန် ကန့်ကွက်ကြောင်း ကျနော် မှတ်တမ်းတင် ပြောကြားချင်ပါတယ်။ ဒီလိုစွပ်စွဲချက်တွေဟာ မှားယွင်းတဲ့ အချက်အလက်တွေကို အခြေမခံသင့်ဘူး။ ဖန်တီး အတုပြုလုပ်ထားတဲ့ ဓာတ်ပုံတွေနဲ့ သတင်းမှားတွေကို မြန်မာနိုင်ငံကို ဆန့်ကျင်လှုပ်ရှားမှုတွေမှာ အသုံးပြုခဲ့တယ်ဆိုတာ ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်တယ်။ ခိုင်လုံတဲ့ အထောက်အထားမရှိဘဲ ဒီစကားလုံးတွေကို အမြော်အမြင်မရှိ သုံးခဲ့တာဟာ ကုလသမဂ္ဂရုံးကို ဂုဏ်သိက္ခာကျစေသလို မြေပြင်မှာဖြစ်နေတဲ့ အခြေအနေကို မီးလောင်ရာလေပင့် ဖြစ်စေတယ်။ သက်ဆိုင်ရာ နှစ်ဖက်အသိုင်းအဝန်းအကြား ပိုပြီးကွာဟစေတဲ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းကို အထင်အမြင် မှားစေတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ARSA လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့က လူတွေကို တတိယနိုင်ငံတခုမှာ အခြေချခွင့်ရမယ်ဆိုတဲ့ မျှော်လင့်ချက်အမှားပေးပြီး သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာထွက်သွားအောင် လုပ်နေတယ်လို့လည်း မြန်မာသံအမတ်ကြီးက ပြောသွားပါတယ်။

အကြမ်းဖက်မှုတွေကြောင့် ရခိုင်၊ ဟိန္ဒူ၊ မြို၊ ဒိုင်းနက်နဲ့ ကမန်တိုင်းရင်းသားတွေ ထောင်သောင်းချီပြီး နေရပ်စွန့်ခွာခဲ့ရတယ်ဆိုတဲ့ အချက်ကိုတော့ နည်းနည်းပဲ သိကြတယ်၊ မြန်မာအစိုးရအနေနဲ့ လူသားချင်းစာနာမှု အကူအညီလိုတဲ့ နေရာတွေကို ခွဲခြားခြင်းမရှိဘဲ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပေးအပ်နေတယ်လို့ ဆိုပါတယ်။

ဒေါက်တာကိုဖီအာနန် ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို  အကောင်အထည်ဖော်ဖို့ မြန်မာအစိုးရက အပြည့်အဝလုပ်ဆောင်နေပြီး နိုင်ငံတကာအသိုင်းအဝန်းက မြန်မာနဲ့လက်တွဲပြီး အကောင်းဆုံးကူညီဖို့ မြန်မာသံအမတ်ကြီးက တိုက်တွန်းပြောပါတယ်။

ဂျနီဗာမြို့မှာ စက်တင်ဘာ ၁၁ ရက်က ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီရဲ့ ၃၆ ကြိမ်မြောက် အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ဇာအစ်ရာဒ် အယ်လ်ဟူစိန်က ရခိုင်ပြည်နယ်မှာ လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးတွေ အင်အားကြီးကြီးမားမားနဲ့ ထပ်လုပ်နေကြောင်းနဲ့ သီတင်း ၃ ပတ်လောက်အတွင်း လူပေါင်း ၂၇၀၀၀၀ လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာခဲ့ကြတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေကို စနစ်တကျ တိုက်ခိုက်နေတဲ့ပုံစံဟာ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်နိုင်သလို အခြေအနေဟာ ကျောင်းသင်ခန်းစာအတွက် လူမျိုးတုံး ရှင်းလင်းမှု ဥပမာ ဖြစ်နေပြီလို့လည်း ကုလလူ့အခွင့်အရေး မဟာမင်းကြီးက ပြောပါတယ်။

ဓာတ်ပုံ- OPCW

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013