DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်လေဆိပ်ကို အဆင်မြှင့်ပြီး ပုဂ္ဂလိကသို့ လွှဲပြောင်းပေးမည်
DVB
·
September 14, 2017
မော်လမြိုင်လေဆိပ်ကို အဆင်မြှင့်ပြီး ပုဂ္ဂလိကသို့ လွှဲပြောင်းပေးမည်
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က လေယာဉ်ကွင်း (လေဆိပ်)ကို အိမ်နီးချင်းနိုင်ငံတွေ နည်းတူ အဆင့်မြှင့်တင်ပြီး ပုဂ္ဂလိက ကုမ္ပဏီတွေကို လွှဲပြောင်းပေးဖို့ စီစဉ်နေတယ်လို့ မွန်ပြည်နယ်၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

မွန်ပြည်နယ်၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဦးက “ဆာဗေးတွေတော့ တိုင်းပြီးပြီ။ တကွင်းလုံးကို ဆာဗေးတိုင်းပါတယ်။ မော်လမြိုင်၊ ဟဲဟိုး၊ ကော့သောင်းလေဆိပ်တွေကို ပုဂ္ဂလိက လွှဲပြောင်းပေးမယ်။ တင်ဒါခေါ်မယ့် အနေအထားတော့ မသိသေးပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

မော်လမြိုင်လေဆိပ်ကို ပြုပြင်ဖို့အတွက် မွန်ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အစိုးရအဖွဲ့မှတဆင့် ပြည်ထောင်စုအစိုးရထံတင်ပြခဲ့ပြီး ခွင့်ပြုမိန့် ရရှိခဲ့ကြောင်း မွန်ပြည်နယ်၊ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောပါတယ်။

“မော်လမြိုင်လေဆိပ်ကို လေယာဉ်ပြေးလမ်းတိုးချဲ့ဖို့၊ လေယာဉ်ကြီးတွေ ဆင်းသက်နိုင်ဖို့၊ ခရီးသည်တွေ များများဝင်ရောက်လာနိုင်ဖို့၊ လေဆိပ်မျှော်စင်လေးတွေက အစပေါ့။ လိုအပ်တဲ့ Facilities တွေကို အဆင့်မြှင့်တင်ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ခရီးသွားလုပ်ငန်းတွေ တိုးတက် လာဖို့ပါ။ အထူးသဖြင့် ထိုင်းနိုင်ငံပေါ့။ ကျနော်တို့ ချိတ်ဆက်ပြီးတော့ ခရီးစဉ်တွေ ဆွဲဆောင်နိုင်ဖို့အတွက်ပါ။”

လေဆိပ်ပြုပြင်ဖို့ Private Public Patnership(PPP) စနစ်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေအနေနဲ့ တင်ဒါလျှောက်ထားရာမှာ ပြည်ပကုမ္ပဏီကို ရာနှုန်းပြည့် လုပ်ပိုင်ခွင့်ပေးမှာမဟုတ်ဘဲ ပြည်တွင်းနှင့် ဖက်စပ်ကုမ္ပဏီတွေ လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်တွေ၊ ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ ပြည်ပနိုင်ငံတွေမှ ပညာရှင်တွေ ချိတ်ဆက်ကာ လာမယ့် ပွင့်လင်းရာသီမှ လေဆိပ်ကို အဆင့်မြှင့်တင်ဖို့ ရှိကြောင်း သိရပါတယ်။

လက်ရှိ မော်လမြိုင်လေဆိပ်မှာ လေယာဉ်ပြေးလမ်း ပေ ၆၀၀၀ သာ ရှိပြီး ပေ ၇၀၀၀၊ ပေ ၈၀၀၀ သို့မဟုတ် ၈၅၀၀ အထိ ချဲ့ထွင်ဖို့ရှိပြီး လာမယ့် ဘဏ္ဍာနှစ်မှာ လေဆိပ်အဆောက်အအုံကို နှစ်ထပ်ပုံစံ၊ လေကြောင်းထိန်းမျှော်စင်အသစ်နဲ့ မီးသတ်အဆောက်အအုံ အသစ်နဲ့ တည်ဆောက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

လက်ရှိ မော်လမြိုင်လေဆိပ်ဟာ နှစ်ပေါင်း ၆၀ လောက် ကြာမြင့်နေပြီဖြစ်တဲ့အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ရန်ပုံငွေ ကျပ်သိန်းပေါင်း ၁၁၀၀ ကျော်အသုံးပြု အဆင့်မြှင့်တင်သွားမှာ ဖြစ်ပြီး မော်လမြိုင်လေဆိပ်အပါအ၀င် ဟဲဟိုးနဲ့ ကော့သောင်းလေဆိပ်တွေကိုလည်း အဆင့်မြှင့်တင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013