
ပဲခူတိုင်းဒေသကြီး ဖြူးမြို့နယ် ရွာမကြီးကျေးရွာမှာဖြစ်ပွားခဲ့တဲ့ မတင်ညွန့်အမှုနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၁၃ ရက်နေ့မှာ ဖြူးမြို့နယ် တရားရုံးက တရားစွဲဆိုလိုက်တယ်လို့ ကညွတ်ကွင်း နယ်မြေရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
"ကျနော်တို့စခန်းကို မတင်ညွန့်ဘက်ကနေ ၆၆ (ဃ) နဲ့ မတင်ညွန့်ရဲ့ အမျိုးသားကလာပြီး ကိုတင်ထွဋ်နဲ့ ကိုဝင်းအေး ဆိုသူနှစ်ဦးကို အမှုဖွင့်ထားတာပါ။ ဒါပေမယ့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာကို တရားဆွဲဆိုဖို့ တင်ပြတဲ့အခါမှာ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုသူတဦးကိုသာ ဆွဲဆိုသင့်တယ်လို့ ပြန်ကြားလာတဲ့အတွက် Facebook အကောင့်ပိုင်ရှင် တင်ထွဋ်တဦးတည်းကိုသာ တရားစွဲဆိုခဲ့တာပါ" လို့ ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူ တဦးက ဒီဗွီဘီကို ပြောပါတယ်။
စားကျက်မြေကိစ္စ အငြင်းပွားရာမှ မတင်ညွန့်ရဲ့ အများမြင်ရန် မသင့်တော်တဲ့ ဗွီဒီယိုဖိုင်ကို ဇွန် ၁၀ ရက်နေ့က Tin Htut ဆိုတဲ့ Facebook အကောင့်နဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပြီး မတင်ညွန်ရဲ့အမျိုးသား ကိုရဲဝင်းမှ ဇွန်လ ၁၅ ရက်နေ့က ကညွတ်ကွင်းနယ်မြေ ရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ လာရောက် အမှုဖွင့်တိုင်ကြားတဲ့အတွက် ကညွတ်ကွင်းနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ အမှုမှတ်စဉ် (ပ) ၁၅၉/၂၀၁၇ အရ အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်နေတာပါ။
ကညွတ်ကွင်းနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ ၆၆ (ဃ)နဲ့ စွဲဆိုတဲ့အမှုကို ဖြူးမြို့နယ်တရားရုံးမှ ရာကြီးအမှတ် ၂၆၀၀/၁၇ လက်ခံထားရှိပြီး တရားလိုနဲ့ စက်တင်ဘာ ၂၅ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်ပြီး တရားစွဲဆိုခံရသူ ကိုတင်ထွဋ်ကိုတော့ အာမခံပေးထားတာ မရှိသေးဘူးလို့ သိရပါတယ်။
သတင်း - ကျော်အောင် (ကညွတ်ကွင်း)











