
မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ စက်တင်ဘာ ၁၃ ရက်က တခါးပိတ်အစည်းအဝေးကျင်းပသွားပြီး ရခိုင်ပြည်နယ် အခြေအနေအပေါ် အလွန်အမင်း စိုးရိမ်ပူပန်တဲ့အကြောင်းနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုလိုက်ပါတယ်။
လုံခြုံရေးကောင်စီမှာ ရခိုင်ပြည်နယ်အရေး အရေးပေါ်ဆွေးနွေးဖို့ ဗြိတန်နဲ့ ဆွီဒင်နိုင်ငံတွေက ပန်ကြားခဲ့တာဖြစ်ပြီး တရုတ်နဲ့ ရုရှားအပါအ၀င် အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံစလုံးက ရခိုင်ပြည်နယ် အခြေအနေကို စိုးရိမ်ပူပန်တဲ့အကြောင်း ပထမဆုံးအကြိမ် သဘောတူခဲ့ကြပါ တယ်။
လုံခြုံရေးကောင်စီရဲ့ သဘောတူညီချက်တွေနဲ့ပတ်သက်ပြီး အလှည့်ကျ ဥက္ကဋ္ဌ အီသီယိုးပီးယား သံအမတ်ကြီးတီကီဒါ အလီမူက “ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေက အလွန်အမင်းစိုးရိမ်ပူပန်တဲ့အကြောင်း၊ သြဂုတ် ၂၅ ရက်က မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ စတင်တိုက်ခိုက်ခံခဲ့ရတာကို အသိအမှတ်ပြုတဲ့အကြောင်း၊ ဒီအကြမ်းဖက်မှုရဲ့ အကျိုးဆက်အဖြစ် လူပေါင်း ၃၇၀၀၀၀ ကျော် နေစရာမဲ့ဖြစ်ခဲ့ကြရတာကို ရှုတ်ချတဲ့ အကြောင်း” တံခါးပိတ်အစည်းအဝေးပြီးမှာပြောပါတယ်။
စစ်ဆင်ရေးအတွင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လွန်ကဲတဲ့အကြမ်းဖက်မှုသတင်းတွေ အပေါ် လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက စိုးရိမ်ပူပန်တဲ့အကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ချက်ချင်းစတင်လုပ်ဆောင်ဖို့လည်း တောင်းဆိုတယ်။
ဒါ့အပြင် အခြေနေတွေကိုလျော့ကျသွားအောင်လုပ်ဖို့၊ တရားဥပဒေစိုးမိုးရေးရအောင် ပြန်လုပ်ဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးရေး အသေအချာလုပ်ဆောင်ဖို့၊ လူမှုစီးပွား အခြေအနေတွေ ပုံမှန်ပြန်ဖြစ်အောင်လုပ်ဖို့နဲ့ ဒုက္ခသည်ပြဿနာ ဖြေရှင်းဖို့တွေလည်း လုံခြုံရေးကောင်စီက တောင်းဆိုတယ်လို့ပြောပါတယ်။
ရခိုင်ပြည်နယ်ပြဿနာကို ရေရှည်အဖြေတခုရှာဖို့ အရေးကြီးတဲ့ပေါ်မှာ သက်ဆိုင်တဲ့ နိုင်ငံတွေအကြားဆွေးနွေးကြဖို့အတွက် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ အားပေးတဲ့အကြောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖို့ အတွက်လည်း လုံခြုံရေးကောင်စီက တောင်းဆိုပါတယ်။
အလားတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရပ်စ်ကလည်း ရခိုင်အရေးဟာ ကြီးမားတဲ့ ကပ်ဘေးတခုလိုဖြစ်နေပြီလို့ ပြောကြားလိုက်ပြီး ရခိုင်ပြည်နယ်ထဲမှာ စစ်ရေး လှုပ်ရှားမှုတွေ ရပ်တန့်ဖို့၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ၊ တရားဥပဒေစိုးမိုးရေးထိမ်းသိမ်းဖို့နဲ့ တိုင်းပြည်ကနေထွက်ပြေးလာသူတွေ နေရပ်ပြန်ခွင့်ကို အသိအမှတ်ပြုဖို့ မြန်မာ အာဏာပိုင်တွေကို တောင်းဆိုတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ဒုက္ခသည်အရေအတွက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ၃ဆလောက်တိုးလာပြီး အရေအတွက် ၃၈၀၀၀၀ လောက်ရှိ လာနေတယ်၊ အမျိုးသမီးနဲ့ ကလေးတွေဟာ ဆာလာမွတ်သိပ် အစာအဟာရချို့တဲ့ပြီး ရောက်လာကြတယ်၊ နိုင်ငံအားလုံးက ဒုက္ခသည်တွေကိုကူညီဖို့ တတ်နိုင်သလောက်လုပ်ကြဖို့ လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။
“ရခိုင်ပြည်နယ်မှာ ARSAရဲ့တိုက်ခိုက်မှုကို ကျနော်ရှုတ်ချပါတယ်။ ဒါပေမယ့် အရပ်သားတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက တိုက်ခိုက်တဲ့ သတင်းတွေဟာ စိတ်ပူပန်စရာဖြစ်စေပြီး ဒါကိုလုံးဝလက်မခံပါဘူး” လို့ ဂူတာရပ်စ်ကပြောပါတယ်။
ပဋိပက္ခဖြစ်ရတဲ့ အခြေခံအကြောင်းရင်းကိုဖြေရှင်းဖို့ ထိရောက်တဲ့ အစီအစဉ်တွေ လုပ်ဆောင်ဖို့၊ ရခိုင်ပြည်နယ်က မွတ်စလင်တွေကို နိုင်ငံသားဖြစ်ဖြစ် အနည်းဆုံး ပုံမှန်ဘ၀နဲ့ ရပ်နည်နေထိုင်နိုင်အောင်တရားဝင်နေထိုင်ခွင့်ပေးဖို့၊ လွတ်လပ်စွာ သွားလာခွင့်အပါအ၀င် အလုပ်လုပ်ခွင့်၊ ပညာသင်ကြားခွင့်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုခံယူခွင့်တွေပေးဖို့လည်း အတွင်းရေးမှူးချုပ်က ထပ်ပြီးတောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်တွင်း သြဂုတ် ၂၅ ရက်က အကြမ်းဖက်မှုတွေ တကြော့ပြန်ဖြစ်ပွားပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သြဂုတ် ၃၀ ရက်ကလည်း မြန်မာပြည်အရေး တံခါးပိတ်ဆွေးနွေးခဲ့ကြပြီး ဒီတကြိမ်ဟာ ဒုတိယအကြိမ်ဆွေးနွေးတာဖြစ်ပါတယ်။
လက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ဘဲ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ပြီး မြန်မာပြည်အရေးရှင်းလင်းပြောကြားဖို့ ရှိနေပါတယ်။
ဓာတ်ပုံ- UN











