
ရခိုင်ပြည်နယ် မောင်တော၊ဘူးသီးတောင်၊ မောရဝတီ စတဲ့နေရာတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုအန္တရာယ်မှ ဒေသခံပြည်သူတွေကို အမြန်ဆုံး လုံခြုံအောင် အကာအကွယ်ပေးဖို့ တိုကျိုမြို့ မြန်မာသံရုံးရှေ့မှာ ဂျပန်ရောက် ရခိုင်တိုင်းရင်းသားတွေ ဦးဆောင်ပြီး မြန်မာနိုင်ငံသား ၁၀၀ ကျော် သွားရောက်တိုက်တွန်း တောင်းဆိုခဲ့ကြပါတယ်။
တောင်းဆိုပွဲ လာရောက်သူ မတင်ဇာဌေး က “ကျမက မောင်းတောကပါ။ လက်ရှိ ကျမ အမေနဲ့ အမတွေ အ၀တ်တထည်ကိုယ်တခုနဲ့ ထွက်ပြေးနေရတယ်။ အဝေးကနေပြီး အရမ်းစိတ်ပူနေရပါတယ်။ အိပ်လို့လည်း မရဘူး။ ဒါကြောင့် အခုလို လာရောက်တိုက်တွန်းတောင်းဆိုနေရတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဦးဆောင်သူတဦးဖြစ်တဲ့ ကိုသော်ဇင်ဖြိုးက “လက်ရှိဒေသခံတွေ အကြမ်းဖက်ခံနေရမှုမှာ ရခိုင်ဒေသ အရေးတခုအနေနဲ့ မမြင်ဘဲ နိုင်ငံတခုရဲ့ အချုပ်အခြာအာဏာကို ထိပါးလာ နေတာကြောင့် သက်ဆိုင်ရာအာဏာပိုင်အားလုံးနဲ့ လွှတ်တော်အသီးသီးက အမြန်ဆုံး အကာကွယ်ပေးဖို့ အခုလိုလာရောက်တိုက်တွန်းတာရတာပါ”လို့ ပြောပါတယ်။
အကြမ်းဖက်မှုမှာ သေဆုံးခဲ့ရသူတွေအတွက် မေတ္တာပို့ဆုတောင်းခဲ့ကြပြီး အကြမ်းဖက်ခံ ထွက်ပြေးတိမ်းရှောင်နေရသူတွေအတွက် ဂျပန်နိုင်ငံကနေ တတ်နိုင်သလောက် ထောက်ပံ့ ကူညီတာတွေ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။











