DVB Logo
Home
Lead Story
ရက်ရှည်ဝမ်းပျက် ခက်လေပြီ
DVB
·
September 13, 2017
ရက်ရှည်ဝမ်းပျက် ခက်လေပြီ
Donate to DVB

“ကလေးက ဝမ်းပျက်နေတာ ကြာလှပြီ” အသက်ငါးနှစ်ခန့် အရွယ်ကလေးကို လာပြရခြင်း ဖြစ်ပါသည်။ ကလေးသည် ပိန်လှီဖျော့တော့ပြီး ညှိုးငယ်သောအသွင်ကို ဆောင်နေပါသည်။

“ကြာလှပြီဆိုတာ ဘယ်နှရက်လောက် ရှိပြီလဲ” ဆရာဝန်က တိကျမှုရှိစေရန် ပြန်၍ မေးလိုက်ပါသည်။

“ရက်နှစ်ဆယ် အစိတ်ရှိရောပေါ့” ဟု မှန်းဆ၍ ဖြေပါသည်။

“ကလေးအမေ အဲဒီရက်နှစ်ဆယ် အစိတ်က နေ့တိုင်း ဝမ်းပျက်တာလား၊ ဖြစ်လိုက်၊ ကြားထဲမှာ သုံးလေးရက်လောက် ပြန်ကောင်းလိုက်၊ နောက်ပြန်ပြီးဖြစ်လိုက် အဲဒီလို ခဏခဏဖြစ်လိုက် ကောင်းလိုက်ကို ဆိုလိုတာလား” သေချာအောင် မေးကြည့်လိုက်ပါသည်။

ကလေးမိခင်က စိတ်ရှုပ်သောမျက်နှာဖြင့် “ဖြစ်ကတည်းက နေ့တိုင်း ပျက်တာပါ။ ကောင်းတဲ့ရက် မရှိပါဘူး” ဟု စိတ်မရှည်သောအသံဖြင့် ပြန်၍ ဖြေပါသည်။

“အဲဒီမေးခွန်းတွေ မေးရတာ ကလေးရဲ့ရောဂါကို အတိအကျ သိချင်လို့ပါ။ ရောဂါကို အတိအကျသိမှ ဆေးကုလို့ရမှာပါ။ အကယ်၍ နေ့တိုင်း ဝမ်းပျက်တာ နှစ်ပတ်နဲ့ အထက်ဆိုရင် ရက်ရှည်ဝမ်းပျက်တယ်လို့ သတ်မှတ်ရပါတယ်။ အဲဒါဆိုရင် နာတာရှည်ရောဂါတခုခု ဖြစ်နိုင်ပါတယ်။ အကယ်၍ နှစ်ရက်သုံးရက် ပျက်လိုက်၊ နှစ်ရက်လောက် ပြန်ကောင်းလိုက်၊ ပြန်ပျက်လိုက် ဖြစ်တာကို ပေါင်းပြီး နှစ်ပတ် သုံးပတ်လို့ ပြောလိုက်ရင် ရက်ရှည်ဝမ်းပျက်တာ မဟုတ်ဘဲ ဝမ်းခဏခဏ ပျက်တယ်လို့သာ ပြောလို့ရပါတယ်။ အကြောင်းချင်းလည်း မတူလို့ သေချာအောင် မေးရတာပါ” ဆရာဝန်၏ ရှည်လျားသော ရှင်းတမ်းကြောင့် ကလေးအမေလည်း သဘောပေါက်သွားပါသည်။

စင်စစ် ကလေး၏အသက်သည် ခုနစ်နှစ်ရှိပြီဟု ဆိုပါသည်။ သို့ရာတွင် ကလေးသည် လွန်စွာ ညှက်နေသောကြောင့် အသက်ငါးနှစ်ခန့်သာ ရှိသည်ဟု ထင်မိခြင်း ဖြစ်ပါသည်။ ပိန်လှီဖျော့တော့ ညှိုးငယ်သောအသွင်ကို ဆောင်သည့်ပြင် သွေးအားနည်း၍ ဖြူဖပ်ဖြူရော်လည်း ဖြစ်နေပါသည်။ အရေပြားများ ရှုံ့တွနေခြင်းသည် အာဟာရ ချို့တဲ့ခြင်းနှင့် ဓာတ်ဆားနှင့် အရည် လွန်စွာလျော့ပါးနေကြောင်းကို သေချာတိကျသည့် အထောက်အထားအနေဖြင့် ပြသနေပါသည်။

ကလေးသည် ငယ်စဉ်ကပင် ချူချာပြီး မကြာခဏ ဖျားခြင်း၊ ချောင်ဆိုးခြင်းများလည်း ဖြစ်သဖြင့် လွန်ခဲ့သည့် တနှစ်ကျော်ကျော်ခန့်က ဆရာဝန်ပြခဲ့ပြီး စစ်ဆေးမှုများ ပြုခဲ့ကြောင်း ဆရာဝန်က ကလေးသည် တီဘီရောဂါရှိသည်ဟု တွေ့ရှိရသဖြင့် တီဘီဆေးများ တိုက်ကြောင်း၊ ၁ဝ ရက်ခန့် တိုက်ပြီးနောက် မိမိသဘောဖြင့် မိမိ တီဘီဆေးများ ဆက်၍ မတိုက်တော့ကြောင်း ပြောပါသည်။ အလွန်သတ္တိရှိသော လေးစားဖွယ်ရာ မိခင်ပါတကား။

ရက်ရှည် ဝမ်းပျက်တယ်ဆိုတာ ...

- ဝမ်းသည် အတုံးအခဲ မဟုတ်ဘဲ အရည်နှင့် အဖတ်ရော၍ မစင်စွန့်သည့်အိုး၏ ပုံသဏ္ဌာန်အတိုင်း လိုက်၍ ပြောင်းလျှင်သော်လည်းကောင်း၊ အရည်ချည်းသက်သက် သွားလျှင်သော်လည်းကောင်း၊ 'ဝမ်းပျက်သည်' ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုပါသည်။

- အဖတ် အရည် ရောသော ဝမ်း (သို့မဟုတ်) ဝမ်းအရည်သက်သက် တနေ့လျှင် သုံးကြိမ်နှင့်အထက် သွားရပါမည်။

- ထိုသို့သော ဝမ်းအမျိုးအစား သွားခြင်းသည် နေ့စဉ်ရက်ဆက် ဖြစ်ရပါမည်။ နှစ်ရက်ခန့် ဝမ်းပျက်လိုက်၊ သုံးရက်ခန့် ကောင်းသွားလိုက် ပြန်ဖြစ်လိုက်ဆိုလျှင် ဆက်တိုက် ဝမ်းသွားသည်ဟု တွက်၍မရပါ။

- ဝမ်းပျက်ခြင်း ဆက်တိုက် ၁၄ ရက်နှင့်အထက်ကြာမြင့်လျှင် 'ရက်ရှည် ဝမ်းပျက်ခြင်း' ဟု ခေါ်ဆိုပါသည်။

အထက်ပါ အချက်အလက်များနှင့် ပြည့်စုံမှ 'ရက်ရှည်ဝမ်းပျက်သည်ဟူ၍ သတ်မှတ်ရမည်' ဖြစ်ပါသည်။

ဘာကြောင့်လဲ ...

ရက်ရှည်ဝမ်းပျက်ခြင်းနှင့် အာဟာရချို့တဲ့ခြင်းတို့သည် ထာဝစဉ် လက်တွဲကြသော မဟာမိတ်ကြီးများသာ ဖြစ်သည်။ နှစ်လွှာပေါင်းမှ တရွက်ဖြစ်သော စွယ်တော်ရွက်ကဲ့သို့သာတည်း။ တဖန် အာဟာရချို့တဲ့သော ကလေးများတွင် ရက်ရှည်ဝမ်းပျက်ခြင်း ပို၍ အဖြစ်များပြန်သည်။ ဤသို့ဖြင့် ထိုအဖြစ်အပျက် နှစ်ခုတို့သည် သံသရာလည်လျက် ရှိကြပေသည်။

မည်သည့်အနေအထားများကြောင့် ရက်ရှည်ဝမ်းပျက်ရသည်ကို ရှာဖွေကြည့်ရှုသောအခါ အနောက်နိုင်ငံများနှင့် အာရှနိုင်ငံများတွင် ရက်ရှည်ဝမ်းပျက်ရခြင်း အကြောင်းများ မတူကွဲပြားကြောင်း တွေ့ရှိရပါသည်။

အနောက်နိုင်ငံများတွင် ရက်ရှည်ဝမ်းပျက်ရခြင်း အကြောင်းများမှာ အများအားဖြင့် အူလမ်းကြောင်း၏ ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲ ဖောက်ပြန်မှုများ၊ အစာချေဖျက်နိုင်သော အင်ဇိုင်းများ Enzymes များ မထုတ်လုပ်နိုင်ခြင်း၊ ဟော်မုန်းဓာတ်များ နည်းခြင်း၊ များခြင်း၊ အူလမ်းကြောင်း၏ ခန္ဓာဗေဒတည်ဆောက်ပုံ ဆန်းပြားနေခြင်း ...စသည်တို့ ဖြစ်ကြပါသည်။

အာရှနိုင်ငံများတွင် ရက်ရှည်ဝမ်းပျက်ရခြင်း အဓိကအကြောင်းမှာ ရောဂါပိုးများကြောင့်ပင် ဖြစ်ပါသည်။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးပိုးများနှင့် သန်ကောင်အချို့တို့ကို ဆိုလိုခြင်း ဖြစ်ပါသည်။

ဗက်တီးရီးယားတွေ ...

အဖြစ်အများဆုံး ပိုးသည် 'တီဘီရောဂါပိုး'ပင် ဖြစ်ပါသည်။

- ဖြစ်ခါစအချိန် Primary Complex တွင် ရောဂါကို မကုသခဲ့ သို့မဟုတ် တဝက်တပျက်သာ ကုသခဲ့လျှင်

- ငယ်စဉ်ကပင် မျှတသာ အာဟာရကို ဂရုတစိုက် မကျွေးမွေးခဲ့လျှင် (ခံနိုင်ရည် လွန်စွာနည်းပါးသဖြင့် ရောဂါပိုးဝင်ရန် ပို၍ လွယ်ကူသဖြင့်)

'ပျံ့နှံ့တီဘီရောဂါ' ဖြစ်ရန်အကြောင်း ဖန်လာပါတော့သည်။ ထိုပျံ့နှံ့တီဘီရောဂါတွင် အပါအဝင်ဖြစ်သော 'အူတီဘီ'ကြောင့် ရက်ရှည်ဝမ်းပျက်ရခြင်းပင် ဖြစ်ပါသည်။ တီဘီဖြစ်ခါစ အချိန်မှ တနှစ်ခွဲအတွင်းတွင် တီဘီရောဂါပိုးသည် အူမကြီးအထိ ပျံ့နှံ့၍ အူမကြီးတီဘီ ဖြစ်ရပါတော့သည်။

အူမကြီးတီဘီ အမျိုးအစား နှစ်မျိုးအနက် ဝမ်းပျက်စေသော အမျိုးအစားသည် အူမကြီး၏နံရံများကို ဖျက်ဆီးပစ်လိုက်သဖြင့် အစာဟောင်းစွန့်ပစ်ရန် အမှုကိစ္စကို အူမကြီးသည် ကောင်းမွန်စွာ မဆောင်ရွက်နိုင်တော့ပေ။ သို့ဖြစ်၍ အရိအရွဲ အချွဲအကျိ ဝမ်းပျက်သွားပါတော့သည်။  ရံခါ သွေးပင် အနည်းငယ်ပါရှိတတ်ပါသည်။

ရောဂါကို စောစီးစွာ မကုသခဲ့ပါလျှင် ထိုရည်ရှည်ဝမ်းပျက်ခြင်းကြောင့် ပြင်းထန်သော အာဟာရချို့တဲ့ခြင်း ဖြစ်လာနိုင်ပါသည်။ သေဆုံးနှုန်းလည်း များပါသည်။

အခြားပိုးများ

အခြား ဗက်တီးရီးယားများလည်း ရက်ရှည် ဝမ်းပျက်ရောဂါ ဖြစ်နိုင်ပါသေးသည်။

ဆယ်လမိုနဲ့လား (Salmonella)

တိုက်ဖွိုက်ရောဂါပိုး မဟုတ်သော ဆယ်လမိုနဲ့လား အချို့သည်လည်း အူနံရံကို ဖျက်ဆီးပြီး ရက်ရှည်ဝမ်းပျက်စေပါသည်။

- ဝမ်းကိုက်ရောဂါဖြစ်စေသော ရှီဂဲလား (Shigella) သည်လည်း ပထမပိုင်း၌ သွေးပါသော ဝမ်းများသွားပြီးနောက်ပိုင်း၌ အူနံရံကို ဖျက်ဆီးပြီး ရက်ရှည်ဝမ်းပျက်စေပါသည်။

- ဇာတ်လိုက်ကြီး အီးကိုလိုင်း (E.coli) အမျိုးအနွယ်အချို့သည်လည်း အူနံရံကို ပျက်စီးစေပြီး ရက်ရှည် ဝမ်းပျက်စေပါသည်။ အူနံရံတွင်းသို့ ဖောက်ထွင်းဝင်ရောက်သော အီးကိုလိုင်းပိုးနှင့် အဆိပ်ထုတ်နိုင်သော အီးကိုလိုင်းပိုးတို့သည် ရက်ရှည် ဝမ်းပျက်ခြင်းကို ဖြစ်စေသော အီးကိုလိုင်း အမျိုးအစားများပင် ဖြစ်ပါသည်။

ဗိုင်းရပ်စ်နှင့် ကပ်ပါးပိုး

- ဗိုင်းရပ်စ်ပိုးများအနက် ရက်ရှည်ဝမ်းပျက်စေသော အဓိက သရုပ်ဆောင်မှာ လူတကာ၏ ရန်သူမည်သော HIV ပိုးသာ ဖြစ်ပါတော့သည်။ HIV ဖြစ်နှုန်း ကျဆင်းသွားပါလျှင် ရက်ရှည်ဝမ်းပျက်နှုန်းလည်း ကျဆင်းလာမည်သာ။

- ငှက်ဖျားပိုး တမျိုးသည်လည်း ရက်ရှည် ဝမ်းပျက်စေပါသည် Algid Malaria။

- ဝမ်းကို ရောဂါဖြစ်စေသော အမီးဘား Amoeba နှင့် အခြားကပ်ပါးကောင်တမျိုး ဖြစ်သော Giardia တို့သည်လည်း အူနံရံတို့ကို ဖျက်ဆီးတတ်ကြပါသည်။ Giardia မှာ အူသိမ်အထက်ပိုင်းကို ဖျက်ဆီးလေ့ရှိသဖြင့် အာဟာရတို့ကို အူသိမ်မှ မစုပ်ယူနိုင်သဖြင့် ဆိုးဝါးသော အာဟာရချို့တဲ့ခြင်းကို စောစောစီးစီး ခံစားရတတ်ပါသည်။

သန်ကောင်အချို့သည်လည်း ရက်ရှည် ဝမ်းပျက်ခြင်းကို ဖြစ်စေပါသည်။ သို့သော် သန်လုံးကောင်သည်ကား ထိုရက်ရှည်ဝမ်းပျက်ခြင်းကို မဖြစ်စေဘဲ အကောင်ရေများလျှင် အူနံရံကို ပိတ်ဆို့တတ်ပါသည်။

အခြားအကြောင်းအရာများ

- ရက်တိုဝမ်းပျက်ရောဂါမှလည်း ရက်ရှည်ဖြစ်သွားနိုင်ပါသည်။ အူနံရံအပြင်ဆုံး အလွှာတွင်ရှိသော အစာချေ အင်ဇိုင်းတို့ ပျက်စီးသွားပြီး နို့တွင်ပါသော Lactose ဓာတ်ကို မချေဖျက်နိုင်တော့ဘဲ ရက်ရှည် ဝမ်းပျက်ရသော ဘဝကို ရောက်ရှိသွားပါတော့သည်။

- သတ္တုအချို့သည်လည်း ဝမ်းပျက်စေသော အာနိသင် ရှိပါသည်။ အချို့ဆေးများတွင် ပြဒါး၊ ရွှေ စသည်တို့ ပါဝင်သဖြင့် ဤသို့သောအဖြစ်ကို ရောက်ရခြင်း ဖြစ်ပါသည်။ သို့ရာတွင် 'ခဲဆိပ်'သည် ဝမ်းပျက်ဝမ်းလျှောသော လက္ခဏာဖြင့် မလာဘဲ ဝမ်းချုပ်ခြင်းဖြင့်သာ လက္ခဏာကို ပြသတတ်ကြောင်း သတိပြုရပါမည်။

- ပဋိဇီဝဆေးများဖြစ်သည့် Ampicillin, Erythromycin. Lincocin စသည်တို့ကို ရက်ရှည် ကြာရှည်စွာ တိုက်လျှင်လည်း ရက်ရှည် ဝမ်းပျက်တတ်ပါသေးသည်။

သတိကလေးတချက်

ရက်ရှည်ဝမ်းပျက်ရခြင်းအကြောင်း များစွာရှိပါသည်။ ယခုဖော်ပြခဲ့သော အကြောင်းများမှာ ကလေးများတွင် အဖြစ်အများဆုံး အကြောင်းများသာ ဖြစ်ပါသည်။

- ဝမ်းပျက်လျှင် အာဟာရကို မဖြတ်ဘဲ ကြိုးစား၍ ကျွေးမွေးခြင်း

- အဓိကအကြောင်းကို ရှာဖွေ၍ စောစီးစွာကုသခြင်း

- အရည်နှင့် ဓာတ်ဆားဆုံးရှုံးသွားမှုကို ပြုပြင်ပေးခြင်း

- ကာကွယ်နိုင်သော အနေအထား ဥပမာ- အဆုတ်ရောဂါကာကွယ် ဆေးထိုးခြင်း၊ ငှက်ဖျားရောဂါ စောစီးစွာကုသခြင်း အစရှိသည်တို့ကိုလည်း လုပ်ဆောင်ခြင်းတို့သည် ရက်ရှည်ဝမ်းပျက်ခြင်းကြောင့် ကလေးများ ပြင်းထန်သော အာဟာရချို့တဲ့ခြင်း၊ သေဆုံးခြင်းတို့ကို ကာကွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

စေတနာအနန္တဖြင့် ...

ဒေါက်တာယုဇနစောမြင့် (ကလေးအထူးကုဆရာဝန်ကြီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013