DVB Logo
Home
Lead Story
အန်စီအေအတိုင်း ဆက်လက်လျှောက်လှမ်းနေတယ် - အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ ပြောခွင့်ရ စိုင်းမိဏ်း
DVB
·
September 13, 2017
အန်စီအေအတိုင်း ဆက်လက်လျှောက်လှမ်းနေတယ် - အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ ပြောခွင့်ရ စိုင်းမိဏ်း
Donate to DVB

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ) ဥက္ကဋ္ဌ စဝ်ရွက်ဆစ်နဲ့ အဖွဲ့ဝင်တွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (အန်အာပီစီ) ရဲ့ ဖိတ်ကြားချက်အရ စက်တင်ဘာ ၁၁ ရက်က နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော ဒု-တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့နဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုမှာ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့ အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ ပြောရေးဆိုခွင့်ရှိသူ စိုင်းမိဏ်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က အာစီအက်စ်အက်စ်ဥက္ကဋ္ဌ ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေ နေပြည်တော်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ရော ဒု-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ပါ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အဓိက ဘာအကြောင်းတွေ ဦးတည်နွေးနွေးခဲ့ပါသလဲ။

ဖြေ - ဟုတ်ကဲ့ ကျနော်တို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အာပီစီက တာဝန်ရှိသူတွေနဲ့ မနက် ၁၀ နာရီကနေ နေ့လယ် ၁၂ နာရီထိ တွေ့ဆုံဆွေးနွေးခဲ့ရပါတယ်။ အဲဒီမှာ အဓိကအားဖြင့် နှစ်ဘက် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေးကို ဆွေးနွေးပါတယ်။ ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မူးယစ်ဆေးဝါးကိစ္စကို ပြောတယ်။ မူးယစ်ဆေးဝါးဟာ တနိုင်ငံလုံးအတွက် စိုးရိမ်စရာတွေ ဖြစ်နေတဲ့အတွက် ပူးပေါင်းနှိမ်နင်းဖို့ မူးယစ်ဆေးဝါး ခေါင်းစဉ်အောက်မှာ သပ်သပ်ဆွေးနွေးဖို့  ပြောပါတယ်။ အဲဒီမှာ ပညာပေးရေးကိစ္စ၊ မူးယစ်ဆေးဝါးနှိမ်နင်းရေး လုပ်ငန်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ ပူးပေါင်းပါဝင်ရေး အားနည်းနေသေးတဲ့အကြောင်းလည်း ပါပါတယ်။ ပြီးတော့ ဆွေးနွေးပွဲဖြစ်မြောက်ဖို့ ဝန်ကြီး ဦးကျော်တင့်ဆွေကို တာဝန်ပေးအပ်တယ်၊   ငြိမ်းချမ်းရေးကိစ္စမှာလည်း ချမှတ်ထားတဲ့ မူဘောင်တွေအတိုင်း အတူဆောင်ရွက်သွားဖို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောပါတယ်။

မေး - မူးယစ်ဆေးဝါးနှိမ်နင်းရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က အာရ်စီအက်စ်အက်စ်နဲ့ အစိုးရတို့ ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ်ထိုးတုန်းက သဘောတူချက်တွေ ရှိခဲ့တယ်မဟုတ်လား၊ အဲဒီတုန်းက အကောင်အထည်မဖော်ခဲ့ရလို့ ခုလိုပြန်ပြောကြတာလား။

ဖြေ - အဲဒီကိစ္စ အကောင်အထည်ဖော်ဖို့ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာက ယူအန်အိုဒီစီရယ်၊ ဗဟိုမူးယစ်အဖွဲ့နဲ့ ကျနော်တို့အဖွဲ့အစည်း တာချီလိတ်မှာ အစည်းအဝေးလုပ်ပြီး လုပ်ဆောင်ချက် ၉ ချက် သဘောတူခဲ့ကြတယ်။ အဲဒီမှာ မိုင်းပန်နဲ့ မိုးနဲမှာ စံပြစီမံကိန်းလုပ်ဖို့လည်း ပါတယ်။ ဒါပေမယ့် မပြီးပြတ်သေးတာတကြောင်း၊ ယူအန်အိုဒီစီဘက်ကရော၊ ပြည်ထဲရေးဘက်ကပါ တာဝန်ရှိသူတွေ အပြောင်းအလဲရှိတာမို့ အဲဒီအချက်တွေအတိုင်း အကုန် မဆောင်ရွက်ရဘူး၊ ကျနော်တို့ဘက်ကလည်း ကော်မတီပြန်ဖွဲ့ပြီး ယူအန်အိုဒီစီနဲ့ မြန်မာနိုင်ငံ မူးယစ်ရဲတပ်ဖွဲ့နဲ့ ပြန်တွေ့ဆုံဆွေးနွေးရမှာ ဖြစ်ပါတယ်။ အရင်က သဘောတူချက်ရခဲ့တဲ့ လုပ်ဆောင်ချက်တွေပေါ် မူတည်မှာ ဖြစ်ပါတယ်။

မေး - ငြိမ်းချမ်းရေးကိစ္စ အတူဆောင်ရွက်သွားဖို့ ဆိုတာမှာ အရင်ကလည်း လုပ်ဆောင်ခဲ့တယ် မဟုတ်လား။ အရင်နဲ့ အခု ဘာထူးခြားလဲ။

ဖြေ - မထူးခြားပါဘူးခင်ဗျ။ ကျနော်တို့လည်း အန်စီအေ (တနိုင်ငံလုံးအပစ်ရပ်စာချုပ်) ပါအတိုင်း ဆက်လက် လျှောက်လှမ်းနေတယ်။ အစိုးရဘက်က ဖြစ်စေလိုတာနဲ့ တိုင်းရင်းသားတွေဘက်က ဖြစ်ချင်တာတွေ နှစ်ဘက်လုံးဖြစ်အောင် ညှိနှိုင်းဆောင်ရွက်သွားဖို့၊ မကြာခဏ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်။ နှစ်ဘက်လုံးကလည်း  ငြိမ်းချမ်းရေး ဖော်ဆောင်လိုတာကြောင့် ဆက်လက်ဆွေးနွေး ညှိနှိုင်းဖလှယ်ဖို့ပါ။ နှစ်ဘက်ခေါင်းဆောင်တွေ မကြာခဏ တွေ့ဆုံရင် ပိုပြီးရင်းနှီးမှု၊ ယုံကြည်မှု ရလာမယ်လို့ ယုံကြည်ပါတယ်။

မေး - ဒု-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ရော ဘာအကြောင်းအရာတွေ ဆွေးနွေးပါသလဲ။

ဖြေ - ကျနော်တို့ ဒု-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အဲဒီနေ့ ညနေ ၂ နာရီကနေ ၄ နာရီထိ တွေ့ဆုံဆွေးနွေးခဲ့ရပါတယ်။ အဓိကကတော့ ကျနော်တို့ ထိတွေ့ပစ်ခတ်မှုတွေ ရှိခဲ့တဲ့ကိစ္စ။ အဲဒီတင်းမာမှု အခြေအနေတွေ လျှော့ချဖို့၊ ထိတွေ့ပစ်ခတ်မှုတွေ မဖြစ်အောင် ထိန်းသိမ်းဖို့၊ နယ်မြေမရှင်းလင်းတဲ့ ကိစ္စတွေ ရှေ့ဆက် ဘယ်လိုဆွေးနွေးကြမလဲ ဆိုတဲ့ကိစ္စ ဆွေးနွေးတယ်။ တပ်မတော်ဘက်ကလည်း ထိတွေ့ပစ်ခတ်မှုမရှိဖို့ အောက်ခြေဘက်မှာ ချထားတဲ့ နှစ်ဘက်တပ်တွေ လျှော့ဖို့ ပြောတယ်။ ကျနော်တို့ဘက်ကလည်း အစိုးရတပ်က နယ်မြေထဲ ဖြတ်သန်းဝင်ရောက်လာမယ်ဆိုရင်၊ ကျနော်တို့ ဆက်ဆံရေးရုံးကို ကြိုတင်အကြောင်းကြားတယ် ဆိုရင် ထိတွေ့မှုတွေ ရှိမှာမဟုတ်ဘူးလို့ ပြောပါတယ်။ နောက်ပြီးတော့ တပ်မတော်ဘက်က ပြောတာက တိုက်ပွဲတွေဖြစ်လာရင် ပြည်သူတွေကို သွားပြီး ထိခိုက်တယ်ပေါ့နော်။ ဒါကြောင့် ပြည်သူတွေကို ငဲ့ညှာပြီး နှစ်ဘက်လုံး ပစ်ခတ်မှုမရှိအောင် ထိန်းသိမ်းကြဖို့ ပြောပါတယ်။ နှစ်ဘက်လုံး ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေအတိုင်း ဆောင်ရွက်ရင်၊ အန်စီအေ သဘောတူချက်အတိုင်း လိုက်နာရင်၊ ဆက်ဆံရေးရုံးကနေတဆင့် မပြတ် ဆက်သွယ်နေမယ်ဆိုရင် ထိတွေ့ပစ်ခတ်မှုတွေ လျှော့ချနိုင်မယ်လို့ ကျနော်တို့ဘက်က ပြောပါတယ်။

မေး - ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်ထဲက တခုအပါအဝင်ဖြစ်တဲ့ ရှမ်းတိုင်းရင်းသား လူမျိုးအလိုက် အမျိုးသားဆင့် နိုင်ငံရေးဆွေးနွေးပွဲဟာ ရှမ်းတွေဘက်က ကျင်းပလိုတဲ့ နေရာနဲ့ ပတ်သက်ပြီး တပ်မတော်က ကန့်ကွက်ထားလို့ ခုထိ မကျင်းပရသေးဘူးလို့ သိရပါတယ်။ အဲဒီကိစ္စရော မညှိနှိုင်းဖြစ်ဘူးလားရှင့်။

ဖြေ - အဲဒီကိစ္စ ကျနော်တို့ အကြမ်းဖျင်းပြောထားပါတယ်။ ဒါပေမယ့် အဲဒီလူမျိုးအလိုက် ဆွေးနွေးပွဲက စီအက်စ်အက်စ်ယူ (ရှမ်းပြည်ညီညွတ်ရေးကောင်စီ) ထဲပါတဲ့ ရှမ်းအဖွဲ့အစည်းတွေအားလုံးနဲ့ သက်ဆိုင်ပြီး အခုက ကျနော်တို့ အာစီအက်စ်အက်စ် တဖွဲ့တည်းနဲ့  တွေ့ဆုံခြင်းသာ ဖြစ်တဲ့အတွက် အသေးစိတ် မဆွေးနွေးရပါဘူး။

မေး - ဒီတွေ့ဆုံမှုတွေအပေါ် ဘယ်လိုသဘောရပါသလဲ။

ဖြေ - ကျနော်တို့ ဥက္ကဋ္ဌကြီးအနေနဲ့ တွေ့ဆုံမှုတွေကို ကျေနပ်အားရမှု ရှိပါတယ်။ ယုံကြည်မှု ပိုပြီးတည်ဆောက်နိုင်တယ်၊ ပိုပြီးရင်းနှီးမှု၊ နားလည်မှု ရလာပါတယ်။

မေး - အာစီအက်စ်အက်စ် ကိုယ်စားလှယ်အဖွဲ့က ရန်ကုန်ဘက်ကို ခရီးဆက်ဦးမယ်လို့ သိရပါတယ်။ အဲဒီမှာ ဘယ်သူတွေနဲ့ တွေ့ဆုံဖို့ရှိသေးလဲရှင့်။

ဖြေ - ကျနော်တို့ ရန်ကုန်မှာ နိုင်ငံခြားသံတမန်တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ အဓိကက ကျနော်တို့ဒေသက အခြေအနေတွေကို သူတို့လည်း သိချင်တယ်။ ပြီးတော့ နိုင်ငံရေးပါတီတွေနဲ့လည်း တွေ့ဖို့ရှိပါတယ်။ တွေ့ဆုံမှုအားလုံးနဲ့ ပတ်သက်ပြီး လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့မှာ သတင်းစာရှင်းပွဲလုပ်ဖို့  ရည်ရွယ်ထားပါတယ်ခင်ဗျ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013