DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖော်ရေးကော်မတီဖွဲ့စည်း
DVB
·
September 13, 2017
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖော်ရေးကော်မတီဖွဲ့စည်း
Donate to DVB

 

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ကို နိုင်ငံတော်သမ္မတဦးထင်ကျော်က  ပြည်ထောင်စုဝန်ကြီးတဦးနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့ ပါဝင်တဲ့ ၁၅ ဦးပါအဖွဲ့ကို  ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ပါတယ်။

မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ကိုဖီအာနန် ခေါင်းဆောင်တဲ့  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တို့ရဲ့ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ဖွဲ့စည်းလိုက်တာလို့ စက်တင်ဘာ ၁၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ နိုင်ငံတော်သမ္မတရုံး အမိန့် ကြော်ငြာစာ မှာဖော်ပြပါတယ်။

ကော်မတီကို ဦးဆောင်မယ့် ဥက္ကဋ္ဌအဖြစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ပူးတွဲဥက္ကဋ္ဌ အဖြစ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ကို သမ္မတက တာဝန်ပေးထားပါတယ်။

ကော်မတီဒုတိယဥက္ကဋ္ဌအဖြစ် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုဝန်ကြီး  ကတာဝန်ယူမှာဖြစ်ပြီး အတွင်းရေးမှူးအဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီးနဲ့ တွဲဖက် အတွင်းရေးမှူးအဖြစ် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဌာနအမြဲတမ်း အတွင်ဝန်တို့ကတာဝန်ယူမှာဖြစ်ပါတယ်။

ကော်မတီအဖွဲ့ဝင်တွေအဖြစ် ပြည်ထဲရေး၊ ပြန်ကြားရေး၊ ပညာရေး၊ ဆောက်လုပ်ရေး၊ စီမံဘဏ္ဍာ၊ ကျန်းမာရေးနှင့် အားကစား၊  သာသနာရေးနှင့် ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွေက အမြဲတမ်းအတွင်းဝန်တွေကို တာဝန်ပေးထားပါတယ်။

ကော်မတီအနေနဲ့ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တို့ရဲ့ အကြံပြုချက်တွေနဲ့ ပတ်သက်ပြီး မြေပြင်အခြေအနေပေါ် မူတည်ပြီး အကျိုးရှိမယ့် ကိစ္စရပ်တွေကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ မတူကွဲပြားတဲ့ လူမှုအသိုက် အဝန်းအကြား စိတ်အေးချမ်းသာစွာ အတူတကွ နေထိုင်နိုင်ရေး၊ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်တွေ အလျင်အမြန် ဖွံ့ဖြိုးလာစေရေး၊ တိုင်းရင်းသားကျေးရွာတွေ ရေရှည်ရပ်တည်နိုင်ရေးနဲ့ IDP စခန်းတွေ ပိတ်သိမ်းရေးတို့ အတွက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် အကြမ်းဖက် တိုက်ခိုက်မှုပပျောက်ရေးနဲ့ မူးယစ်ဆေးဝါးကင်းစင်ရေးနယ်မြေ ဖြစ်လာစေရေးဆောင်ရွက်ဖို့၊  ပြည်တွင်း/ပြည်ပအဖွဲ့အစည်းတွေက ပေးအပ်တဲ့ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာအကူအညီများ၊ ထောက်ပံ့ပစ္စည်းတွေကို ခွဲဝေပေးဖို့၊  ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားအဖြစ် အသိအမှတ်ပြုသင့်သူတွေကို အသိအမှတ်ပြုပြီး နိုင်ငံသားအခွင့်အရေး ရရှိစေရေး(National Verification Process) ကို အမြန်ဆုံး ဆောင်ရွက်ဖို့တွေလည်းဆောင်ရွက်ရမှာပါ။

ကော်မတီအနေနဲ့  လုပ်ငန်းတွေ အကောင်အထည်ဖော်မှု အခြေအတွေကိုအပေါ် တိုးတက်မှုအစီရင်ခံစာကို ပြည်သူတွေထံ လေးလတစ်ကြိမ် ထုတ်ပြန်တင်ပြပေးဖို့ တာဝန်ရှိတာလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်တွေရဲ့ အကြံပြုချက်တွေကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ အကြံဉာဏ်တွေ ရယူနိုင်ဖို့ အကြံပေးအဖွဲ့ကို ပြည်တွင်းပြည်ပက ပညာရှင်တွေ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေ၊ အတွေ့အကြုံရှိသူတွေနဲ့ ဖွဲ့စည်းသွားဖို့ရှိနေတယ်လို့လည်း သမ္မတရုံးထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013