DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်မြို့ သံလွင်ဈေးရှိ ငါးဒိုင်များ ဘတ်ဂျက်နှစ်အကုန် ပြောင်းရွှေ့ရမည်ဟု စည်ပင်ပြော
DVB
·
September 12, 2017
Donate to DVB

မွန်ပြည်နယ် မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက်ရှိ သံလွင်ဈေးရဲ့ ငါးဒိုင်တွေက ငါးညှီနံ့တွေကြောင့် ဖြတ်သန်းသွားလာနေတဲ့ အများပြည်သူတွေ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အတွက် ကျောက်တန်းစက်ရုံစု နယ်မြေဘက်ကို ပြောင်းရွှေ့ဖို့ အရင်က စည်ပင်သာယာရေး ဦးစီးဌာနကို တွဲဖက်တာဝန်ယူခဲ့တဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးက စီစဉ်ခဲ့ ပေမယ့်လည်း မွန်ပြည်နယ်အစိုးရအဖွဲ့ အပြောင်းအလဲတွေကြောင့် ဘတ်ဂျက်နှစ်အကုန်တွင် နောက်ဆုံးထားပြောင်းရွှေ့ပေးဖို့ ညွှန်ကြားထားတယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေး ဦးစီးဌာနက ပြောပါတယ်။

မွန်ပြည်နယ်၊ စည်ပင်သာယာရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးမြင့်အောင်က “အခုက ပွင့်လင်းရာသီ မဟုတ်သေးလို့။ ရွှေ့ရမှာကတော့ ဘတ်ဂျက်ထဲမှာ ပါပြီးသား။ အဆောက်အဦအသစ်တွေ ဆောက်ရမယ်။ ၂၀၁၈ ခုနှစ် မတ်လအပြီး ပြောင်းရွှေ့ရမှာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။

ကျောက်တန်းစက်ရုံစုကို ပြောင်းရွှေ့နေရာချထားမယ်ဆိုပါက ငါးဒိုင်တွေအနေနဲ့ အခက်အခဲများစွာ ဖြစ်လာနိုင်ပြီး အဲဒီလိုပြောင်းရွှေ့မယ့်အစား အနောက်ကမ်းနားဘက်နှင့် မီးလောင်ပြင်နေရာ သို့မဟုတ် အမှတ် (၁) ဈေးက မြေနေရာတွေကို ပြောင်းပေးစေလိုကြောင်း ငါးဒိုင်အချို့က တောင်းဆိုထားကြပါတယ်။

သံလွင်ဈေးရှိ ရုံသစ် ငါးဒိုင်မှ ဒေါ်အေးသန်းက “ကျောက်တန်း ဆိုတာ သွားဖို့လာဖို့ လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲတယ်။ အထိုင်လေးကျမှ ပြောင်းရတော့မယ်ဆိုရင် ဒုက္ခရောက်တာပေါ့။ ပြောင်းရွှေ့ပြီးတော့ ဖောက်သည်တွေ မလာရင် အန်တီတို့အတွက် အဆင်မပြေဘူး။ အန်တီတို့ အလုပ်သမားတွေလည်း အဲဒီဘက်ကို မသွားနိုင်သလို ဝယ်သမားတွေလည်း မသွားနိုင်ဘူးဆိုရင် ဒိုင်ကြီးပျက်သွားဖို့ ပဲရှိတော့တယ်”လို့ ပြောပါတယ်။

ငါးဒိုင်တွေအနေနဲ့ ကျောက်တန်းဘက်သို့ မပြောင်းရွှေ့ရရေး မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ ရောင်းချသွားမှာဖြစ်တယ်လို့ ငါးဒိုင်အချို့က ဆိုပါတယ်။

ဒေါ်တုံးလုံး ငါးဒိုင်မှ ဆိုင်ပိုင်ရှင် ကိုအောင်က “ဟိုဘက်မှာ အရမ်းစည်ကားနေလို့ ပြောင်းပေးရတာဆိုရင် တမျိုးပေါ့။ ဒီနေရာတွေမှာလည်း သန့်သန့်ရှင်းရှင်းလုပ်ပြီး ရေစီးရေလာကောင်းအောင် လုပ်မယ်ဆိုရင် အနံ့နည်းနည်းသက်သာလာမှာပါ။ေ၊းရဲ့ အရှေ့ အနောက် ချိန်းပေးလည်း ရပါတယ်”လို့ ပြောပါတယ်။

အဆိုပါ ဈေးမှ ထွက်ရှိလာတဲ့ ငါးညှီနံ့ကြောင့် ရပ်ကွက်နေ ပြည်သူတွေ ကျန်းမာရေး ထိခိုက်တာတွေနဲ့ ကြုံတွေ့နေရတဲ့အတွက် ပြောင်းရွှေ့ပေးဖို့ သထုံမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက အရင်ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦး လက်ထက်ကတည်းက အဆိုတင်သွင်းခဲ့တာဖြစ်ပြီး လာမယ့် ဘတ်ဂျက်နှစ်ကုန်ပါက အပြီးသတ် ပြောင်းရွှေ့ရမှာဖြစ်တယ်လို့    မွန်ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာနမှ သိရပါတယ်။

“သူတို့ စီမံချက်တွေတော့ ဆွဲနေပါတယ်။ လုပ်စရာရှိတာတော့ လုပ်ရမှာပါပဲ”လို့ မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးကော်မတီက ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013