DVB Logo
Home
Lead Story
ပိုင်ရာဆိုင်ရာတွေနှင့် ဒီမိုကရေစီအရွေ့
DVB
·
September 12, 2017
ပိုင်ရာဆိုင်ရာတွေနှင့် ဒီမိုကရေစီအရွေ့
Donate to DVB

 

ဒီမိုကရေစီအရွေ့တခုကို သွားနေကြတဲ့အခါ တန်းတူအခွင့်အရေးတို့၊ သန့်ရှင်းတဲ့ အစိုးရတရပ် ဖြစ်ရေးတို့ ဆိုတာကို မျှော်လင့်တတ်ကြပါတယ်။

ဒီလို မျှော်လင့်ကြတာလည်း လူအားလုံးတို့ရဲ့ ငြိမ်းချမ်းစွာ နေထိုင်ရေးအတွက် လိုအပ်ချက်တခု ဖြစ်ပါတယ်။ ဒါပေမယ့် အမှန်တကယ် ပြုပြင်ပြောင်းလဲမှု မလုပ်ရင်၊ လုပ်ရင်းနှင့်အရာမထင်ခဲ့ရင် တန်းတူအခွင့်အရေးကို ရနိုင်ကြဖို့ ဖြစ်နိုင်မလား။ ဒီလိုမျိုး အခွင့်အရေးတွေကို မရရှိအောင် တားဆီးတဲ့အထဲမှာ ဘာတွေ ပါဝင်နေသလဲ ဆိုတာကို တွေးမိပါတယ်။

ကျနော် မြင်မိတဲ့အရာတချို့ထဲမှာ ပိုင်ရာဆိုင်ရာတွေနဲ့ စခန်းသွားနေတဲ့ ကိစ္စတွေ မပျောက်သရွေ့တော့ ကျနော်တို့ မျှော်မှန်းအပ်လှတဲ့ တန်းတူအခွင့်အရေး ဆိုတာကို ရရှိနိုင်ဖို့ဟာ မလွယ်လှပါဘူး။

ရုံးတနေရာမှာ အလုပ်လုပ်ဖို့ လျှောက်ကြတာချင်း အတူတူ၊ ပညာအရည်အချင်းကလည်း ကွာခြားမှုမရှိ၊ ရုပ်ရည်အားဖြင့်လည်း အများကြီးမကွာ၊ အရည်အချင်းကျတော့ နည်းနည်းသာနေပါလျက် အလုပ်လျှောက်တဲ့ရုံးမှာ ပိုင်ရာဆိုင်ရာ မိတ်ဆွေတွေ၊ မိသားစုအသိုင်းအ၀ိုင်းတွေ မရှိလို့ အလုပ်မရခဲ့တဲ့ အလုပ်လက်မဲ့တွေ မြန်မာနိုင်ငံမှာ ဘယ်အထိ များခဲ့ကြပြီလဲ။

ကျောင်းဆရာမ လုပ်တာကို ဝါသနာပါတယ်။ ၁၀ သိန်း မပေးနိုင်ခဲ့တော့ မဖြစ်ဘူး။ ဝါသနာမပါတဲ့သူက ခေတ်ကျပ်ထဲမှာ ပိုင်ရာဆိုင်ရာကို ချဉ်းကပ်နိုင်တဲ့ ငွေကြေးရှိတော့ သမီးအတွက် မိဘဖြစ်သူက လိုက်လုပ်ပေးပြီး ဆရာမ ဖြစ်လာတယ်။ တကယ်တမ်း ပညာသင်ကြားရေးစနစ်မှာ ဆရာစိတ်ရှိသူက အပြင်ကို ရောက်ပြီး ဆရာစိတ် မရှိတဲ့သူတွေက လုပ်ငန်းခွင်ကို ရောက်နေခဲ့တာ ဘယ်လောက်ထိ ရှိခဲ့ကြပြီလဲ။

ဒါတွေကို နှိုင်းယှဉ်ကြည့်ရင် ကျနော်တို့လူမျိုးတွေရဲ့ လူမှုအဖွဲ့အစည်းမှာ နေရာ အထားအသို မှားနေခဲ့တာဟာ ပိုင်ရာဆိုင်ရာတွေနှင့် အလုပ်ဖြစ်နေခဲ့ကြလို့ပါ။

လူတယောက်ရဲ့ တိုးတက်ကြီးပွားရေးဟာ မိမိအားသန်တဲ့အရာကို စူးစိုက်ပြီး အလုပ်လုပ်တာနဲ့ ဆိုင်တယ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာလှမြင့်က တူဖြစ်သူကို ပြောခဲ့ဖူးကြောင်း စာစောင်တခုမှာ ဖတ်လိုက်ရပါတယ်။

ဆရာကြီး ဖြေခဲ့တာက မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ဖြေခဲ့တာပါ။ စိုက်ပျိုးရေး ဖြစ်မြောက်တဲ့နိုင်ငံ ဖြစ်တော့ စိုက်ပျိုးရေးကို ဦးစားပေး လုပ်ရမယ်လို့ ဆိုပါတယ်။ ဒါနဲ့ဆက်စပ်ပြီး တွေးမိတာက လူတယောက်ရဲ့ တိုးတက်ကြီးပွားမှုဟာ လူ့အသိုင်းအဝိုင်းထဲက ဖြစ်တဲ့အတွက် တခြားသူတွေလည်း လိုက်ပြီး အဆင်ပြေစေပါတယ်။ ဒီလိုမျိုး တိုးတက်စေဖို့အတွက်လည်း သူ အားသန်ရာအလုပ်ကို လုပ်မှသာ တိုးတက်နိုင်မှာပါ။ ကျနော်တို့နိုင်ငံရေး ဖြစ်စဉ်ထဲမှာ ပိုင်ရာဆိုင်ရာတွေနဲ့ စခန်းသွားနေခဲ့ကြတော့ လုပ်ချင်တဲ့သူတွေက ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်ခွင့် မရခဲ့ကြတာ ဘယ်အထိရှိခဲ့ပြီလဲ ဆိုတာကို လက်တွေ့ လူမှုအဖွဲ့အစည်းက သက်သေပြနေပါတယ်။

စာသင်ရမယ့်ကျောင်းကို စာလာမသင်တဲ့ ဆရာမတွေရဲ့ သတင်း၊ ရဲအရာရှိတွေ လာဘ်စားနေတဲ့ သတင်း စတဲ့အရာတွေဟာ လုပ်ငန်းတခုကို ပိုင်ရာ ဆိုင်ရာတွေနဲ့ အကပ်ကောင်းပြီး ရလာတဲ့အခါ ဘာအကျိုးအမြတ် ပြန်ရမလဲ ဆိုတာကိုပဲ ကြည့်ပါတော့တယ်။

စာသင်ချင်တဲ့စိတ်နဲ့ ဝင်မလာတော့ အစိမ်းအဖြူ ဝတ်ပြီး ပညာသင်ကြားပေးရမှာကို ဂုဏ်ယူစရာလို့ မတွေးတော့ဘူး။ ရဲတပ်ဖွဲ့ဝတ်စုံနှင့် အပွင့်အခက်တွေ တပ်ထားပေမယ့် လုပ်ငန်းတာဝန် ပြီးမြောက်မှုကို ဂုဏ်ယူမည့်အစား ဝင်ငွေကောင်းတဲ့ ကုန်သည်ပွဲစားတွေကို အားကျတော့ ငွေရပေါက်ကိုပဲ ဂုဏ်သိက္ခာမဲ့စွာ လိုက်ရှာတယ်။

ဒါတွေဟာ အလုပ်တခုကို ပိုင်ရာဆိုင်ရာနဲ့ ရရင် ပြီးရောဆိုပြီး သဘောထားကြတဲ့အတွက် ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးပါ။

ကျနော်တို့ဆီက မြို့နယ်တချို့က ပညာရေးဌာနတွေမှာ ဘယ်လိုမျိုးတွေ ရှိနေသလဲဆိုတော့ လစာထက် ဝက်စား ဆိုတာမျိုးပါ။ စာသင်ရမယ့် ဆရာ၊ ဆရာမတချို့က မြို့ပေါ်မှာ နေတယ်။ တာဝန်ကျရာဒေသကို မသွားတော့ဘူး။

ဒါပေမယ့် ရုံးမှာတော့ အရောက်ပြထားတယ်။ ဒီလိုပြထားတဲ့အတွက် လစာကို ပိုင်ရာဆိုင်ရာတွေက ထက်ဝက် တာဝန်ရှိသူ ဆရာ၊ ဆရာမတွေက ထက်ဝက်၊ အထက်က လာစစ်ခါနီးရင်တော့ ရုံးက အခါတော်ပေး။

လူကြီးတွေ မရောက်ခင် တရက် နှစ်ရက်အလိုမှာ တာဝန်ကျတဲ့ နေရာမှာ လိုက်နေပေး။ လာစစ်တဲ့သူတွေ ပြန်သွားရင်တော့ သူတို့လည်း အခြေအနေကြည့်ပြီး ပြန်။ ဒီလိုကျောင်းမျိုးတွေမှာ ပညာသင်ကြားရတဲ့ ကျောင်းသားတွေရဲ့ ဘဝကို ပညာကို ပေမီ ဒေါက်မီ ဘယ်လိုများ တတ်မြောက်ကြပါ့မလဲ။ အနာဂတ်ကို မြေတောင်မြှောက်ပေးရမယ့်သူတွေက အနာဂတ်ကို အညွှန့်ချိုးသလို ဖြစ်နေတဲ့အခါ လူ့အဖွဲ့အစည်းဟာ တန်းတူရေးဆိုတာကို ဟန်ချက်ပျက်စေပါတယ်။ ဆရာ၊ ဆရာမတွေက ဆရာ၊ ဆရာမတွေနဲ့ မတူတဲ့အခါ တပည့်ဖြစ်သူတွေကလည်း တပည့်ပီပီ ပညာသင်ကြားနေသူတွေ မဖြစ်တော့ဘူး။

ဒီလိုမျိုးတွေကြောင့်လည်း နယ်စွန်နယ်ဖျားက တချို့ ကျောင်းသားတွေဟာ ပညာကို ဆုံးခန်းတိုင်အောင် မသင်ဘဲ ထွက်သွားရသူတွေလည်း အများကြီးရှိပါတယ်။

နယ်စွန်နယ်ဖျားမှာ တာဝန်ကျတယ်။ ရပ်ရွာကလည်း အစောင့်အရှောက် နည်းပေမယ့် ဆရာပီသစွာ တပည့်တပန်းတွေနဲ့ ပညာသင်ကြားမှုကို စနစ်တကျ၊ စေတနာပါပါ သင်ပေးသူတွေကတော့ တကယ့်စစ်မှန်တဲ့ ဝါသနာနှင့် ဝင်လာတဲ့သူတွေပါ။ ဒီလို ဆရာမျိုးတွေဟာ ပိုင်ရာဆိုင်ရာနဲ့ ဝင်လာတဲ့သူတွေကြောင့် အခက်အခဲတွေ ဖြစ်ရပါတယ်။

ဒါကြောင့် ပိုင်ရာဆိုင်ရာတွေကြောင့် ရလာတဲ့ လုပ်ငန်းခွင်ဝင်လာသူတွေဟာ တိုင်းပြည်ရဲ့ အကျိုးထက် တိုင်းပြည်ကို နစ်နာအောင် လုပ်တဲ့သူသာ များပါတယ်။ တချို့ဆိုရင် လုပ်ငန်းခွင်ကို ရောက်ရှိဖို့အတွက် ငွေကြေးတွေ ရင်းခဲ့ရသလို ရင်းခဲ့သမျှနှင့် တန်အောင် ယူမယ်ဆိုတဲ့ စိတ်က ကိန်းဝပ်နေတတ်ကြပါတယ်။ ဒီလိုမျိုးစိတ်ထားနဲ့ လုပ်ငန်းခွင်ကို ဝင်လာတဲ့သူတွေကြောင့်လည်း ဟိုဖိုး၊ ဒီဖိုးတွေ လက်ဖက်ရည်ဖိုး၊ ကွမ်းယာဖိုး စတာတွေ ဖြစ်ကုန်တာပါ။

တန်းတူအခွင့်အရေးအတွက် တိုက်ပွဲဝင်လာတဲ့ လက်ရှိ အစိုးရ လက်ထက်မှာတော့ ပိုင်ရာဆိုင်ရာတွေကို တတ်နိုင်သမျှ ဂရုစိုက်ပေးစေချင်ပါတယ်။ ညွှန်ကြားထားပါတယ် ဆိုတဲ့ ရှေးရှေးက အစိုးရအဆက်ဆက် လက်ထက်အောက်မှာပဲ ပိုင်ရာဆိုင်ရာ လုပ်ငန်းတွေ ကြီးထွားနေခဲ့တာပါ။

လောကကြီးကို ပြောင်းလဲချင်ရင် မိမိကိုယ်ကို ပြောင်းလဲရမယ် ဆိုတဲ့အတိုင်း တိုင်းပြည်ကို ပြောင်းလဲစေချင်တဲ့ အစိုးရတရပ်အနေဖြင့် မိမိတို့ရဲ့ အစိုးရ အဖွဲ့ဝင်တွေထဲမှာကော ပိုင်ရာဆိုင်ရာတွေနှင့် စခန်းသွားနေတာ ရှိနေပြီလား ဆိုတာကို ဆန်းစစ်ရမှာပါ။ အလုပ်အကိုင် ရှားပါးတဲ့နိုင်ငံမှာ လုပ်ငန်းတခု ကျလာတိုင်း အစိုးရ အဖွဲ့ဝင် လူကြီးတွေနဲ့ ရင်းနှီးရင် ရသွားတဲ့ အကျိုးဆက်ဟာ မြန်မာအစိုးရအဖွဲ့ဝင်တွေရဲ့ ဆွေစဉ်မျိုးဆက်တွေဟာ ဆွေ ၇ ဆက် ချမ်းသာသွားပြီး နိုင်ငံကတော့ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံထဲကို ရောက်သွားတာ ခုလက်ရှိအဖြေပါ။ ဒါတွေဟာ ပိုင်ရာဆိုင်ရာတွေနဲ့ လုပ်ကိုင်နေခဲ့တဲ့အတွက် ပြည်သူအများစု ခံစားရတဲ့ တန်းတူအခွင့်အရေး ပျောက်ဆုံးခြင်းပါ။

ခုလည်း အလုပ်လိုချင်ရင် ဝန်ကြီးကို ကပ်၊ အလုပ်လိုချင်ရင် လွှတ်တော်ကိုယ်စားလှယ်ကို ကပ်၊ ဆရာဖြစ်ချင်ရင် ပြည်နယ် ပညာရေးမှူးကို ကပ်၊ တင်ဒါအောင်ချင်ရင် အစိုးရအဖွဲ့ဝင်တွေနဲ့ အဝင်အထွက် များများလုပ် စတဲ့ ပိုင်ရာဆိုင်ရာတွေနဲ့ စခန်းသွားနေရင် ပြောင်းလဲချိန်ကို မတန်အောင် လုပ်ဆောင်နေတာတွေနဲ့ တူနေပါလိမ့်မယ်။

ဂရိတွေးခေါ်ပညာရှင် ဆော့ခရတ္တိဟာ အဆိပ်ခွက်နှင့် ထွက်ပြေးခြင်းမှာ ထွက်ပြေးခြင်းကို ပယ်ပြီး အဆိပ်ခွက်ကို လဲခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခိုးမှုကို မကောင်းဘူးလို့ သူက ဟောပြောခဲ့ဖူးတော့ သူ့ကို ကယ်ထုတ်မယ့် တပည့်တွေက ခိုးထုတ်မယ်ဆိုတော့ မကောင်းဘူးလို့ သူ ဟောခဲ့တဲ့ ခိုးခြင်းနှင့် သူကိုယ်တိုင် အသက်မရှင်ချင်တော့ဘူး။ ဒါကြောင့် သူ့ဒဿသန တည်မြဲဖို့အတွက် ဆော့ခရတ္တိဟာ အဆိပ်ခွက်ကိုသာ ရွေးခဲ့တယ်လို့ ဖတ်ရဖူးပါတယ်။ တကယ်တမ်း တွေးကြည့်ရင် နိုင်ငံတော်ရဲ့ ရှိနေခြင်းကို သူ လေးစားတာလည်း ပါဝင်ပါတယ်။ တရားသူကြီးတွေရဲ့ ဆုံးဖြတ်မှုဟာ မှန်ကန်မယ်လို့လည်း သူ တွေးခဲ့တာပါတဲ့ တချို့ဒဿနဆရာတွေက ဆိုပါတယ်။

ဒီမိုကရေစီအရတော့ မဲပေးတဲ့ထဲမှာ ဆော့ခရတ္တမဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် အဆိပ်ခွက်ကို ရရှိလိုက်တာလို့ ဆိုကြပါတယ်။ ဘာပဲဖြစ်ဖြစ် အမှန်တရားကို လိုလားတဲ့ ဆော့ခရတ္တိ၊ ဒီမိုကရေစီစနစ်ကို လက်ခံတဲ့ ဆော့ခရတ္တိကတော့ အဆိပ်ခွက်ကို ရွေးချယ်ခဲ့ဖူးပါပြီ။

တန်းတူရေးကို လိုလားခဲ့တဲ့ သန့်ရှင်းတဲ့ အစိုးရတရပ်ကို ပုံဖော်ချင်ခဲ့တဲ့ လက်ရှိအစိုးရဟာလည်း ပိုင်ရာဆိုင်ရာတွေနဲ့ စခန်းသွားနေကြတာကို ရှင်းထုတ်တဲ့အခါ အမုန်းတရားတချို့ကိုတော့ လက်ခံရမှာပါ။ ရွေးဝံ့ဖို့သာ လိုပါတယ်။

ကျော်လင်း(ရောင်စုံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013