DVB Logo
Home
Lead Story
မီဒီယာများနဲ့ ဒီမိုကရေစီ အကူးအပြောင်းကဏ္ဍ - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
September 12, 2017
မီဒီယာများနဲ့ ဒီမိုကရေစီ အကူးအပြောင်းကဏ္ဍ - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
Donate to DVB


ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ ၁၉၉၂ ဇူလိုင်လ ၁၉ ရက်နေ့ကနေ စတင်လွှင့်ထုတ်ခဲ့တဲ့ Democratic Voices of Burma ဟာ အခုဆိုရင် ၂၅ နှစ်ထဲ ရောက်ခဲ့ပါပြီ။ အခု ဒီနေ့ဆွေးနွေးမယ့် အကြောင်းအရာကတော့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းကဏ္ဍမှာ ဘာတွေများ လုပ်နိုင်ခဲ့တယ်၊ အခု ဘယ်နေရာ ရောက်နေတယ်၊ ဘယ်ဆက်သွားမလဲဆိုတာ ဆွေးနွေးမှာဖြစ်ပါတယ်။ ဒီတပတ်ဆွေးနွေးမယ့်သူတွေကတော့ မဇ္စျိမမီဒီယာ အယ်ဒီတာချုပ် ဦးစိုးမြင့်နဲ့ ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ဦးကျော်စွာမိုးတို့ကို ဖိတ်ခေါ်ထားပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ကိုစိုးမြင့်ကို အရင်မေးပါရစေ။ တချိန်တုန်းက ပြည်ပမီဒီယာတွေပေါ့၊  မြန်မာပြည်ထဲမှာ လွတ်လပ်တဲ့ မီဒီယာတွေ မရှိခဲ့တုန်းက ဒီ ၂၅ နှစ်အတွင်း အဓိက ဘာတွေများ  လုပ်နိုင်ခဲ့လဲ။ အဲဒီကနေစပြီး ဆွေးနွေးပေးပါဦး ကိုစိုးမြင့်။”

ဦးစိုးမြင့် (အယ်ဒီတာချုပ်၊ မဇ္စျိမမီဒီယာ)

“အဓိကကတော့ သတင်းအမှောင်ချခံထားရတဲ့ ကာလ။ အဲဒီကာလပြီးတော့ ဖိနှိပ်မှုတွေကို အဆုံးစွန်ဆုံး ခံခဲ့ရတဲ့ ကာလမှာတော့ ကျနော်တို့က မီဒီယာဘက်က လုပ်နိုင်တဲ့ ကိုယ့်ရဲ့တာဝန်အနေနဲ့ ဘာလုပ်ခဲ့လဲဆိုတာ အားလုံးသိတဲ့အတိုင်း ကျနော်တို့က လွတ်လပ်တဲ့သတင်းတွေ၊ မှန်ကန်တဲ့သတင်းတွေ၊ မှန်ကန်တဲ့ အချက်အလက်တွေကို စုဆောင်းတယ်။ ပြီးတော့ အဲဒါတွေကို ကိုယ့်နိုင်ငံက ပြည်သူတွေ သိရှိဖို့ ပြန်ပြီးတော့ ဖြန့်ဝေခဲ့တယ်။ ဒါပေမယ့် အဲဒါနဲ့ ဆက်စပ်ပြီးတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိဖို့၊ လူ့အခွင့်အရေးတွေ ပြန်လည်ရရှိဖို့ဆိုတာ။ သတင်းအလုံးအရင်းနဲ့ ဒီမိုကရေစီလှုပ်ရှားမှု၊ ဒီမိုကရေစီလုပ်ငန်းရဲ့ တစိတ်တပိုင်းအနေနဲ့ပဲ လုပ်တာပါ။ နောက်တချက်က ကျနော်တို့ကိုယ်တိုင်က၊ ဥပမာ ကျနော်ဆိုရင် အိန္ဒိယနိုင်ငံမှာ ဒုက္ခသည်အနေနဲ့ ၂၃ နှစ် နေခဲ့တာ။ ကျနော်တို့က နိုင်ငံရေးဖိနှိပ်မှု၊ လွတ်လပ်မှုတွေ ဆုံးရှုံးတယ်၊ အထူးသဖြင့် စစ်အစိုးရလက်ထက်မှာ လွတ်လပ်မှုဆိုတဲ့ Space မရှိတဲ့အခါ ရတဲ့နေရာကနေ ပြည်ပမှာ နေပြီးတော့၊ အဲဒီကာလက ဒုက္ခသည်အနေနဲ့ နေတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း ပြုစုပျိုးထောင်တယ်။ ဒီလိုမျိုး လုပ်နိုင်ကိုင်နိုင်အောင်။ ပြီးတော့ ကျန်တဲ့လူတွေကိုလည်း ဆွဲခေါ်ပြီးတော့ လွတ်လပ်တဲ့ မီဒီယာအနေနဲ့ ဒီမိုကရေစီရဲ့ တစိတ်တပိုင်းအနေနဲ့ လုပ်တာ။ နောက်ဆုံးတချက်က တချိန်မှာ မြန်မာပြည်ဟာ ပွင့်လင်းမှာပဲ။ တချိန်မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်ဆိုတာ သိကိုသိတယ်။ အဲဒီအတွက် ကျနော်တို့ ပြည်ပမှာ နေကတည်းက ကြိုတင်ပြင်ဆင်ခဲ့တယ်။ ပြောင်းလဲလာတဲ့အခါမှာ ကျနော်တို့ မြန်မာပြည်ကို ပြန်လာပြီးတော့ ဟိုအစက လုပ်နေတဲ့ လုပ်ငန်းတွေကိုပဲ ဆက်လုပ်တယ်ဆိုတဲ့ သဘောပဲ။ ဒါပေမယ့် အခုကျတော့ Space ပေါ့။ နေရာရှိလာတယ်။ လုပ်လို့ရလာတာပေါ့။ အဲဒါပါပဲ။”

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ကိုစိုးမြင့်ကတော့ အရင်က မီဒီယာ vacuume ဖြစ်ခဲ့တာပေါ့။ စစ်အစိုးရ လက်အောက်မှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ အမှောင်ချထားခံခဲ့ရတယ်။ အဲဒီမှာ သတင်းတွေ ထုတ်လွှင့်ခဲ့သလို တချိန် ကိုယ့်တိုင်းပြည်ကိုယ် ပြန်လာနိုင်ဖို့ ပြင်ဆင်နိုင်ခဲ့တယ်ပေါ့နော်။ အဲဒီလိုပဲ ကိုကျော်စွာမိုးကိုလည်း မေးပါရစေ။ ဧရာဝတီ သတင်းဌာနကြီးလည်း ပြီးခဲ့တဲ့ နှစ် ၂၀ မှာ အဓိက ပြည်ပကနေပြီးတော့ ဗမာပြည်သူတွေရဲ့ သတင်းလွတ်လပ်ခွင့်ရော၊ ဒီမိုကရေစီ လူ့အခွင့်အရေးအတွက် ကျနော်တို့ ဘာတွေ လုပ်ပေးနိုင်ခဲ့လဲ ဖြည့်စွက်ဆွေးနွေးပေးပါဦး။”

ဦးကျော်စွာမိုး (အယ်ဒီတာ၊ ဧရာဝတီမဂ္ဂဇင်း)

“ဒီနေရာမှာ သတင်းမီဒီယာလို့ ပြောလိုက်ရင် သတင်းထုတ်တဲ့ စက်ရုံတရုံလိုမျိုး၊ အဖွဲ့အစည်း ရုံးခန်းတခုလိုမျိုး မြင်တာပေါ့နော်။ တကယ်တော့ သတင်း Indepent Media ပေါ့။ လွတ်လပ်တဲ့ သတင်းဌာနလို့ ပြောလိုက်ရင် ကျနော်တို့ရဲ့ ပန်းတိုင်က ဘာလဲဆိုတော့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းပြည်သာယာဝပြောရေး ဆိုတဲ့ အချက်တွေပေါ်မှာ  အခြေခံတယ်။ လက်ရှိအခြေအနေ ပြောမယ်ဆိုရင် ငြိမ်းချမ်းရေးတို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ထိ ပါသွားတယ်။ ကျနော်တို့က အဲဒါကို ဦးတည်ပြီးတော့ပဲ Indepent Media က တချိန်လုံး ပြည်သူတွေကို အလုပ်အကျွေးပြုခဲ့တယ်လို့ ပြောရမယ်။ အဲဒါကို ဦးတည်ပြီးတော့ သူတို့ရဲ့ အကျိုးစီးပွားအတွက် ဖော်ထုတ်သင့်တာတွေ ဖော်ထုတ်၊ မျှမျှတတရေး၊ မှန်ကန်တာတွေဆိုရင် မကြောက်မရွံ့ ဘက်မလိုက်ဘဲ ဖော်ထုတ်ဖို့ပေါ့။ အဲဒါက အဓိကပါပဲ။”

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013