
ဒဂုံဆိပ်ကမ်းစက်မှုဇုန် ဖုယွင်းအထည်ချုပ်စက်ရုံက အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုကို ဝန်ကြီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တရုတ်သံရုံးတို့ပါ ဝင်ရောက်ညှိနှိုင်းနေပေမယ့် ပြေလည်မှု မရသေးဘူးလို့ သိရပါတယ်။
ဒီစက်ရုံက အလုပ်သမား ၃၅၀ လောက်ဟာ လုပ်ခလစာ တိုးမြှင့်ပေးဖို့ စက်တင်ဘာ ၆ ရက်နေ့က စပြီး စက်ရုံရှေ့မှာ ဆန္ဒဖော်ထုတ်နေတာပါ။
ဖုယွင်းအထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ မသက်ထားဆွေက “မနေ့က တတိယ အကြိမ်မြောက်အနေနဲ့ အလုပ်ရှင်နဲ့ညှိတယ်။ ကျမတို့တောင်းဆိုတဲ့ အချက် ၁၄ ချက်ထဲက ၁၂ ချက်ပြေလည်တယ်။ ကျန်တဲ့၂ချက်ကလဲ အဓိကတောင်းဆိုထားတဲ့ ကျွမ်းကျင်ကြေးနဲ့ နှစ်ပြည့်ကြေးပါ။ ကျမတို့တောင်းဆိုတဲ့ နှုန်းထားနဲ့ တော်တော်ကွဟတယ်။ အဲဒါကြောင့် ဆက်ပြီး သပိတ်စခန်းဖွင့်ထားတာပါ”လို့ ပြောပါတယ်။
အလုပ်သမားတွေ စက်ရုံဝင်ပေါက်ထွက်ပေါက်တွေကိုပိတ်ဆို့ပြီး ကုန်ထုတ်လုပ်မှု ရပ်ဆိုင်းတဲ့ နည်းလမ်းနဲ့ တောင်းဆိုနေတာပါ။ ဖြစ်စဉ်နဲ့ပတ်သတ်ပြီး စက်တင်ဘာ ၁၁ ရက်နေ့က တရုတ်သံရုံးကလည်း လာရောက် ညှိနှိုင်းခဲ့ပြေမယ့် ပြေလည်မှု မရခဲ့ပါဘူး။
အလုပ်သမားတွေတောင်းဆိုထားတဲ့ အချက်တွေနဲ့ပတ်သက်ပြီး ဒီနေ့ ၂ ဖက် ထပ်မံညှိနှိုင်း သွားမယ်လို့သိပါတယ်။











