
မြန်မာပြည်သူ ၇ သန်းကျော်ဟာ နေ့စဉ်ဆေးရွက်ကြီး ထွက်ပစ္စည်းမျိုးစုံပါတဲ့ ကွမ်းယာကို သုံးစွဲနေကြပြီး ဆေးရွက်ကြီးကြောင့် နှစ်စဉ် သေဆုံးသူ ၆ သောင်းကျော်ရှိနေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
စက်တင်ဘာ ၁၁ ရက်က “ကွမ်းယာနှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများထိန်းချုပ်ရေးအတွက် မီဒီယာမှတဆင့် လူထုလှုံ့ဆော်ပွဲစတင်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အခမ်းအနား''သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောသွားတာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ''နောင်တမရအောင် ကွမ်းယာကိုရှောင်'' ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ အမျိုးသားရေး တာဝန်တရပ်အဖြစ် ဆောင်ရွက်ဖို့လည်း တိုက်တွန်း လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လူငယ်လူရွယ်တွေ အမျိုးသမီးအမျိုးသားတွေအပါအဝင် ပြည်သူတွေ အကြား ဆေးလိပ်သောက်တာနဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းမျိုးစုံပါဝင်တဲ့ ကွမ်းယာကို နေ့စဉ် အဆက်မပြတ် သုံးစွဲတာတိုးတက်များပြားလာနေတယ်၊ မြန်မာနိုင်ငံဟာ အာဆီယံမှာ ဆေးရွက်ကြီး ထွက်ပစ္စည်းမျိုးစုံကို ကွမ်းယာမှာ ထည့်သွင်းစားသုံးတဲ့ ရာခိုင်နှုန်း အများဆုံး ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးဆိုင်ရာ အဓိကစိန်ခေါ်မှုတရပ် ဖြစ်နေတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ဆေးလိပ်နဲ့ ဆေးရွက်ကြီး၊ ကွမ်းယာသုံးစွဲခြင်းမပြုသေးတဲ့ အသက် ၁၃-နှစ်အောက်အရွယ် ကျောင်းသား ကျောင်းသူလူငယ်တွေ စတင်သုံးစွဲခြင်း မပြုရေး၊ သုံးစွဲမိသူတွေလည်း သုံးစွဲမှုကို ရပ်တန့်စေရေးအတွက် စုပေါင်းဆောင်ရွက်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။
ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ထိန်းချုပ်ရေးအတွက် မီဒီယာမှတဆင့် လူထုလှုံ့ဆော်လှုပ်ရှားပွဲအခမ်းအနားကို မနေ့မနက်က နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပသွားတာဖြစ်ပါတယ်။
လူထုလှုံ့ဆော်ပွဲတွေကို ရက်သတ္တပတ် ခြောက်ပတ်ကြာ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာပြည်သူတွေ ကွမ်းစားခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ ဆိုးကျိုးအန္တရာယ်တွေအကြောင်းကို အသိပေးသွားဖို့ရှိနေပါတယ်။
၂ဝ၁၆မေလ အစိုးရသစ်တက်လာချိန်ကစပြီး ရုံးတွေ၊ ဆေးရုံနဲ့ကျောင်းတွေအပြင် အများပြည်သူတို့ စုဝေးရာ နေရာတွေမှာ ကွမ်းမစားကြဖို့လည်း ဌာနဆိုင်ရာတွေမှာ အသိပညာပေးမှုတွေနဲ့ ကန့်သတ်မှုတွေလုပ်ဖို့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
အစိုးရသစ်လက်ထက်မှာ ရန်ကုန်မှာ ကွမ်းယာရောင်းချမှုတွေကို ပိတ်ပင် ကန့်သတ်မှုတွေ လုပ်မယ်လို့ သတင်းတွေထွက်ခဲ့ဖူးပေမယ့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။











