DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးဖြစ်စဉ်တွင် ပါဝင်သူ ၅ ဦးကို ဖမ်းဆီးအရေးယူ
DVB
·
September 11, 2017
တောင်တွင်းကြီးဖြစ်စဉ်တွင် ပါဝင်သူ ၅ ဦးကို ဖမ်းဆီးအရေးယူ
Donate to DVB

 

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့မှာ မနေ့ညက လူအုပ်စုနဲ့ ဖျက်ဆီးတာ တွေလုပ်ဆောင်ရာမှာ ပါဝင်သူ ၅ ဦးကို ဖမ်းဆီးထားတယ်လို့ အစိုးရသတင်း ထုတ်ပြန်ရေးကော်မတီက ဒီကနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဖြစ်စဉ်မှာပါဝင်ပတ်သက်တဲ့ နှင်းကိုကိုလင်း (ခေါ်) နှင်းကိုကို မနေ့ညကဖမ်းဆီးခဲ့ပြီး ဒီမနက်မှာတော့ တောင်တွင်းကြီးမြို့ ရွှေအိုး ၂ ရပ်ကွက်နေ စိုးသူ (၃၃) နှစ်၊ သိန်းဇံဌေး (၂၂) နှစ် ၊ ရွှေကြာအင်း (၁) ရပ်ကွက်နေ နိုင်အောင်ထက် (၂၇) နှစ်နဲ့ စည်သူအောင် (၁၈) နှစ်တို့ကို ထပ်မံ ဖမ်းဆီးထိန်းသိမ်း စိစစ်မေးမြန်းနေတယ်လို့ဆိုပါတယ်။

မနေ့ညပိုင်းက တောင်တွင်းကြီးမြို့ရှိ နေအိမ်နဲ့ဆိုင်တချို့ကို နှာခေါင်းစည်းပါ လူငယ် ၅၀ လောက်က ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပြီးနောက် လူစုလူဝေးဖြစ်ပွားခဲ့တာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူစုခွဲခဲ့ရတာဖြစ်ပါတယ်။

ဖမ်းဆီးရမိသူတွေကို စစ်ဆေးချက်အရ ခဲနဲ့ပစ်ပေါက်တဲ့ ရည်ရွယ်ချက်မှာ မောင်တော ဒေသရှိ ARSA အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး ကျေနပ်မှု မရှိလို့  ပစ်ပေါက်တာလို့ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်ကြောင့်  မိုဘိုင်းဖုန်းအပိုပစ္စည်း အရောင်းဆိုင်တဆိုင်၊  လက်ဘက်ရည်ဆိုင်တစ်ဆိုင်၊  ကုန်စုံဆိုင်တစ်ဆိုင်၊ ထမင်းဆိုင်တစ်ဆိုင်၊ ကွမ်းယာခုံတစ်ခုနဲ့၊ နေအိမ်၂လုံး ပျက်စီးခဲ့တယ်လို့ အစိုးရထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒီကနေ့ တောင်တွင်းကြီးမြို့ အခြေအနေကတော့ အေးအေးဆေးဆေးရှိနေသလို လုံခြုံရေးလည်းအဆင်သင့် ရှိနေတယ်လို့ မြို့နယ် တာဝန်ရှိ သူတွေက  ပြောပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းက “ လုံခြုံရေးအတွက် ခရိုင်ရဲမှူးဦးစီးပြီး ၅+၂၅ အင်အားနဲ့ အသင့်ရှိပါတယ်။ ဌာနဆိုင်ရာတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အရံမီးသတ်တွေလည်း ရှိပါတယ်။ ညဘက်ဆိုရင် အခုထက် ပိုပြီးလုံခြုံရေးပေးနိုင်ဖို့လည်း စီစဉ်ထားပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ ကိုယ်တိုင်ဝင်ဖမ်းတာပဲရှိပြီး သေနတ်အသုံးပြုတာမရှိဘူးလို့ မြို့နယ် အုပ်ချုပ်ရေးမှူးကလည်း ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။

မနေ့ညကတော့ မြို့ရဲ့ ၈ နေရာမှာ လူအုပ်စုပြီး ဆူပူတာ၊ အိမ်နဲ့ဆိုင်တွေကို ခဲတွေနဲ့ ပစ်ပေါက်တာ၊ ဖျက်ဆီးတာတွေကိုလုပ်ခဲ့ကြတာလို့  တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်က ပြောပါတယ်။

“သူတို့က ရဲတွေကို အင်အားလျော့အောင်လုပ်တဲ့ ပုံပဲ။ ဟိုနေရာမှာလုပ်လိုက်၊ ရဲက လိုက်သွားတော့ နောက် တနေရာ ပြောင်းလိုက်နဲ့။ နေရာ ၈ ခုမှာ ၈ ကြိမ်ဖြစ်ခဲ့တာပါ။ လူစုခွဲဖို့ကြေညာတယ်။ လာကြည့် ကြတဲ့သူတွေက ပြန်သွားပေမယ့် ဆူပူတဲ့သူတွေက မသွားလို့ ရဲက လူအုပ်ထဲဝင်ပြီး ဖမ်းခဲ့တာပါ။ သေနတ်နဲ့၊ ရာဘာ ကျည်နဲ့ပစ်တာ လုံးလုံး မရှိပါဘူး” လို့ ပြောပါတယ်။

ဒီလိုဆူပူတာတွေမဖြစ်ခင် လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက တောင်တွင်းကြီးနဲ့ ပတ်သက်ပြီး အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေမှာ လှုံ့ဆော်တာတွေ ရှိခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013