DVB Logo
Home
မြန်မာသတင်း
ကသာခရိုင်အတွင်း ဌာနဆိုင်ရာအဖွဲ့များစုပေါင်းပြီး လုံခြုံရေးတိုးမြှင့်
DVB
·
September 11, 2017
ကသာခရိုင်အတွင်း ဌာနဆိုင်ရာအဖွဲ့များစုပေါင်းပြီး လုံခြုံရေးတိုးမြှင့်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်းရှိ မြို့နယ်တွေမှာ ဌာနဆိုင်ရာအဖွဲ့တွေ စုပေါင်းပြီး လုံခြံရေးတိုးမြှင့်ဆောင်ရွက်နေတယ်လို့ ကသာခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုန် ကပြောပါတယ်။

ကသာခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုန်က “ကသာခရိုင်အတွင်းရှိ အရေးကြီးတဲ့ အဓိကနေရာတွေမှာ လုပ်နေပါတယ်၊ ထီးချိုင်မြို့မှာဆိုရင် ထီးချိုင့်တံတားကြီး ရှိတယ်လေ၊ အဲဒါမျိုးပေါ့ အရေးကြီးအဆောက်အဦတွေကို လုံခြုံရေး ပိုဂရုစိုက်ခိုင်းထားပါတယ်၊ လုံခြုံရေးတိုးမြှင့်ရတာက မဖြစ်သင့်တာမဖြစ်ရအောင် ကောလာဟလတွေလည်း ရှိတာပေါ့၊ ရခိုင်ပြည်နယ်ဘက်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်ပြီး ကောလာဟလတွေ ဖြစ်ပေါ်နေလို့ အများပြည်သူတွေ စိုးရိမ်ထိန့်လန်မှုမဖြစ်စေဖို့၊ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပွားစေဖို့ ကသာခရိုင်အတွင်းမှာ လုံခြံရေးတိုးမြှင့်ဆောင်ရွက် နေခြင်းဖြစ်ပါတယ်” လို့ ကသာခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုန်က ပြောပါတယ်။

အင်းတော်မြို့မှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ကာ ရဲတပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးတွေ၊ လဝကဝန်ထမ်းတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရပ်မိရပ်ဖတွေနဲ့ ပူးပေါင်းပြီး စက်တင်ဘာ ၉ ရက်ကစပြီး ညပိုင်းမှာ လှည့်ကင်း ရပ်ကင်းတွေနဲ့ တရားဥပဒေစိုးမိးရေးနှင့် ရပ်ရွာအေးချမ်းတည်ငြိမ်ရေးအတွက် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်နေကြောင်း၊ အလားတူ ကသာမြို့ မြို့ဝင်မုခ်ဦးနေရာ၊ ကသာ-ဗန်းမော်ကားလမ်း ကားကြီးကွင်းရှေ့နေရာ၊ ကသာမြို့ ရပ်ကွက်(၄) ဧရာဝတီမြစ်ကမ်းဘေးရှိ စစ်ဝန်းဆိပ်နေရာ၊ ရပ်ကွက်(၁)မြောက်ကျောင်းဆိပ်ကမ်း၊ ရွှေဂူကြီးဘုရားဆိပ်ကမ်း၊ ပုလွေရွှေဆိပ်ကမ်း၊ ရပ်ကွက်(၁၀) ကျောက်တိုင်ဆိပ်ကမ်းတွေကို ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းပြီး အဖွဲ့တွေခွဲပြီး ဖြတ်သန်းသွားလာနေတဲ့ ယာဉ်ကြီး/ယာဉ်ငယ်များ၊ မော်တော်ရေယာဉ်တွေကို ရပ်တန့်ပြီး လက်နက်ခဲယမ်း၊ ဗုံး(သို့မဟုတ်)ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းများ၊ မူးယစ်ဆေးဝါး၊ အခြားတရားမဝင်ပစ္စည်းများ၊ သယ်ဆောင်လာခြင်းရှိမရှိနဲ့ မသင်္ကာဧည့်စိမ်းတွေ လိုက်ပါလာမှုရှိမရှိ စစ်ဆေးခြင်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013