DVB Logo
Home
မြန်မာသတင်း
ရွှေကုမ္ပဏီတွေကြောင့် လယ်ဧက ရာပေါင်းများစွာ ပျက်စီး
DVB
·
March 20, 2012
ရွှေကုမ္ပဏီတွေကြောင့် လယ်ဧက ရာပေါင်းများစွာ ပျက်စီး
Donate to DVB

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် အတွင်းမှာ ရွှေ တူးဖော်နေတဲ့ ကုမ္ပဏီတွေကြောင့် ဒေသခံ လယ်သမားတွေရဲ့ လယ်ယာမြေတွေ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်နေတယ်လို့ လယ်သမားတွေ က ပြောပါတယ်။

ဟုမ္မလင်းမြို့နယ် ဝေဖလာအင်း အနီး မှာ ရွှေကျင်နေတာ ရဲ့ နောက်ဆက်တွဲ အဖြစ်၊ နွေစပါး စိုက်ထားတဲ့ လယ်ဧက အနည်းဆုံး ၃၀၀ ၀န်းကျင် ပျက်စီးနေတယ် လို့ လယ်သမားတွေက ဆိုပါတယ်။

လယ်မြေ ၇ ဧက လုံး ပျက်စီးသွားတဲ့ လယ်သမား မိသားစုက မနန်းခိုင်က  ပြောပြ ပါတယ်။

“နွံရေတွေနဲ့ လယ်တွေ အကုန်လုံး နစ်မြုပ် ကုန်ပါပြီ။ နောင်တော ကျေးရွာ အုပ်စု ဝေဖလာအင်း ကို အမှီပြုပြီး အင်းပတ် ပတ်လည် ရေတိမ် တဲ့ နေရာတွေ မှာ တောင်တွေ အများကြီး ရှိပါတယ်။ ရေနောက်ပြီး ပျက်စီးနေပါတယ်။ စပါးတွေလည်း ပျက်ဆီးတယ်။ စိုက်ပြီးလို့ အခုနေချိန်ဆို စပါးနှံတောင် ထွက်ခါနီး နေပြီ။ အခြေမျှော မြစ်ရေကြောင့် စပါးနှံတွေ လုံးဝ မထွက်နိုင်တော့ဘူး။”

ဝေဖလာ အင်းတ၀ိုက်က တောင်သူ ၄၀ ကျော်ရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ဆိုးဆိုးရွားရွား ထိခိုက်နေတယ်လို့ လယ်သမားတွေ အရေးကို အကူအညီပေး တဲ့ ဒေသခံ ကျောင်းဆရာမ ဒေါ်စန်းစန်းဝင်းက ပြောပြပါတယ်။

“မျှောမီးနွံရေ(ရေနောက်တွေ) လယ်ကွက်ထဲမှာ ၀င်သွားပြီ ဆိုရင် လယ်ကွက်ထဲမှာ စပါးပင်တွေက ရေနောက်နေရင် ပင်ပွားလည်း မရှိတော့ဘူး။ အနှံလည်း မထွက်တော့ ဘူး။ နွေစပါးတွေပါ အခု စိုက်နေတယ်၊ နွံရေစီးကြောင်း က ရေစီးကြောင်းကြီး လို ဖြစ်သွားပြီး ဧကတွေ တော်တော်များများ နွံရေတွေကြောင့် ပျက်စီးကုန်ပြီ။ စပါးတွေက အောက်ကို မြုပ်နေတယ်။ အဲဒီ့ နေရာမှာ ဦးထန်သောင်း၊ ဒေါ်ခင်လှဆိုတဲ့ လယ်သမား မိသားစုရဲ့ လယ်က ၁၂ ဧကလောက် ရှိတယ်။ သူတို့လယ်တွေဆိုရင် အားလုံး နီးပါး ပျက်စီးကုန်တယ်။”

ဒီဒေသက လယ်သမား မိသားစုတွေဟာ လယ်လုပ်ငန်းကလွဲလို့ တခြားလုပ်စရာ မရှိကြပါဘူး။ ရွှေကုမ္ပဏီတွေဟာ မနှစ် မတ်လက  စလို့ အဲဒီ့ ဒေသကို ၀င်ရောက်လာ တာ ဖြစ်ပြီး၊ ကုမ္ပဏီတွေ များစွာထဲက ရွှေဝတီ၊ ရွှေတောင်ကြား၊ ငုဝါ ၀င်းရွှေ၊ ဌေးဝင်းထွန်း၊ အင်းတိုင်းစံ၊ စွမ်းထက်ဝင်း စတဲ့ ကုမ္ပဏီတွေ ကိုတော့ ဒေသခံတွေက သိကြပါတယ်။

ကုမ္ပဏီတွေက အသက်မွေးဝမ်းကြောင်းတွေကို ထိခိုက်လာတဲ့အတွက် ဒေသခံ ရှမ်းနီ လူမျိုးတွေနဲ့ ကုမ္ပဏီတွေကြားမှာ အခြေအနေ တင်းမာနေတယ် လို့ ဒေသခံ ကျောင်း ဆရာမ ဒေါ်စန်းစန်းဝင်းက ပြောပါတယ်။

“မလိုလားအပ်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်တော့မယ့် အနေအထားရှိလာပြီ။ ကျမက တောင်သူတွေဘက်ကို တောင်းပန်ပါတယ်။ ကျမတို့ အနုနည်းနဲ့ပဲ ဖြေရှင်း ရအောင်၊ တရား ဥပဒေနဲ့ပဲ ဖြေရှင်းရအောင်လို့ တောင်းပန်ပါတယ်။ ကျမ မှိုင်းတိုင်း ရဲစခန်းကို သွားပြီးတော့ အကူအညီ တောင်းပါတယ်။ မှိုင်းတိုင်း ရဲစခန်းကလည်း မော်စိန် ရဲကင်းမှူးကို ရုံးစာနဲ့ ထွက်ပြီး အကူအညီတောင်းတော့ အခုချိန်ထိ အဲဒီနေရာမှာ နေ့ည လှည့်ကင်းလေးတွေ ချထားပေးပြီးမှ ကျမ ရန်ကုန်ကို ဆင်းခဲ့ပါတယ်။”

ရန်ကုန်မှာ လယ်သမားအရေး အကူအညီပေးနေတဲ့ ရှေ့နေဦးဖိုးဖြူနဲ့ တိုင်ပင်ပြီး ဥပဒေကြောင်းအရ ဆက်လက် လုပ်ဆောင်သွားမယ်လို့ လယ်သမားတွေက ပြောပါတယ်။

ရွှေကုမ္ပဏီတွေကတော့ သူတို့ဟာ အစိုးရနဲ့ အကျိုးတူ လုပ်ကိုင်တယ်လို့ ဆိုပြီး၊ လယ်ယာမြေတွေထဲကို မကျူးကျော်ဖို့ မြို့နယ် အာဏာပိုင်တွေရဲ့ ညွန်ကြားချက်တွေ ကိုတောင် လိုက်နာခြင်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013