
တယ်လီဖုန်း၊ ဖေ့စ်ဘွတ်ခ်နဲ့ မက်ဆင်ဂျာတွေက တဆင့် သွေးထိုးလှုံ့ဆော်စာ ဖြန့်ဝေသူတွေကို အရေးယူသွားမယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ကြေညာပါတယ်။
စက်တင်ဘာ ၁၁ ရက်နေ့မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ရှိတာကြောင့် သတိထားကြဖို့ဆိုတဲ့ စာတွေကို ဒီရက်ပိုင်းမှာ အွန်လိုင်းအသုံးပြုသူတွေဆီကို ရောက်ရှိလာနေတာပါ။
ဒီလို သွေးထိုးလှုံ့ဆော်တဲ့စာတွေကို မဖြန့်ဝေကြဖို့နဲ့ ဖြန့်ဝေပေးပို့တာတွေရှိခဲ့ရင်လည်း တာဝန်ရှိသူတွေဆီကို ဆက်သွယ်သတင်းပေးကြဖို့လည်း ထုတ်ပြန်ထားပါတယ်။
ဒီရက်ပိုင်းမှာပဲ နိုင်ငံတွင်းကို အကြမ်းဖက်သမားတစ်ယောက် ဝင်ရောက်လာဖို့ ရှိတယ်လို့ ဖော်ပြထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ပေးပို့တဲ့ လျှို့ဝှက်အဆင့် စာတစောင်လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပါတယ်။
ပြီးတော့ နိုင်ငံတွင်းက မြို့ကြီးတွေမှာ အကြမ်းဖက်ဖောက်ခွဲတာတွေ လုပ်လာနိုင်တယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက စက်တင်ဘာ ၅ ရက်ကကြေညာထားပါတယ်။











