DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ဖာပွန်မြို့နယ်၌ တိုက်ပွဲပြင်းထန်ဆက်ဖြစ်နေ 
May 19, 2026
Photo : KNLA ၃၁ ဗျူဟာစစ်ကြောင်း
Photo : KNLA ၃၁ ဗျူဟာစစ်ကြောင်း
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင်းက ကတိုင်တိကျေးရွာ မရောက်ခင် ရေပူ (မောလိုကလိုး) ကျေးရွာကို‌ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းတွေ ရောက်ရှိနေပြီး လက်ရှိမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်နေတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ပဒိုစောရော်ဘင်က ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေ၊ ကရင်ပြည်နယ် ဖာပွန်(မူတြော်)ခရိုင်တွင်းကို မေ ၅ ရက်က လှိုင်းဘွဲ-မြိုင်ကြီးငူ လမ်းကြောင်းအတိုင်း ၁၀ ဘီးကားတွေနဲ့ စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေဟာ သံလွင်မြစ်ကို ဖြတ်သန်းပြီး မြိုင်ကြီးငူ တဖက်ကမ်း ကမမောင်းဘက်ကို အင်အားဖြည့်တင်းခဲ့ပါတယ်။

ဒါ့အပြင် ဝါးဘိုးတော-ကမမောင်းလမ်းအတိုင်းလည်း အင်အားဖြည့်တင်းခဲ့ပါတယ်။ လက်ရှိမှာလည်း စစ်ရေးအရ မဟာဗျူကျတဲ့ ဖာပွန်ဗျူဟာနဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေး BGF၊ DKBA အကူအညီနဲ့ လူအင်အား ၂,၀၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးနေတာပါ။

လက်ရှိမှာ ကမမောင်းနဲ့ ၁၇ မိုင်အကွာ ကတိုင်တိသွား ကားလမ်းမကြီးဘေးက ရေပူ (မောလိုကလိုး)ကျေးရွာကို‌ စစ်ကြောင်းတွေ ရောက်ရှိနေပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မူတြော်ခရိုင် တပ်မဟာ ၅ ပြောခွင့်ရ ပဒိုစောရော်ဘင်က “မောလိုကလိုးထိ ရောက်လာတယ်။ ပထမ စစ်ကြောင်းက တကြောင်းခွဲတယ်။ ပြီးတော့ ၃ ကြောင်း ထပ်ခွဲတယ်။ ဒါပေမဲ့ အဲလိုခွဲတယ်ဆိုတာက သူတို့ လူအင်အားများတဲ့အပေါ်မှာ ခွဲလိုက်ရတဲ့ သဘောမျိုးပါတယ်။ စကစဘက်က ထိခိုက်ဒဏ်ရာရတဲ့ဟာကျတော့ ရှိတယ်။ များတယ်။ ဒါပေမဲ့ ဘယ်လောက်လဲ ဆိုတဲ့ဟာမျိုးတော့ ကျနော့်ဆီ သတင်းအတိအကျ မရောက်လာသေးဘူး။ နောက် ကျနော့်ဘက်က စကစရဲ့ လက်နက်ခဲယမ်း ဘယ်လောက်သိမ်းလို့ရတယ် ဆိုတာက အဲဒါလည်း အတိအကျ မရသေးဘူး။  အဲဒါကြောင့်မို့ ဒီဟာလည်း ပြောလို့မရသေးဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ တပ်မဟာ ၅ နယ်မြေအတွင်း စစ်တပ်စခန်းတွေကို KNU ပူးပေါင်းတပ်တွေက သိမ်းပိုက်ဖို့ ကြိုးစားနေရာမှာ ဖာပွန်ဗျူဟာ အပါအဝင် တပ်စခန်း ၇ ခုလောက်သာ ကျန်ရှိပါတော့တယ်။

မြေပြင်အနေအထားမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အားသာတဲ့အပြင် တိုက်ခိုက်မှုအရှိန်တွေ တိုးလာတာဟာ စည်းလုံးညီညွတ်မှုကြောင့်လို့ ကရင်စစ်ရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။

ကရင်စစ်ရေးလေ့လာသူတယောက်က “မြေပြင်အနေအထားအရ တိုင်းရင်းသား ERO တွေနဲ့ တော်လှန်ရေးအဖွဲ့တွေက မြေပြင်နဲ့ပတ်သက်လာရင် သူတို့က ဌာနေတိုင်းရင်းသား ဖြစ်တယ်။ နေတဲ့သူတွေ ဖြစ်တဲ့အတွက် မြေပြင်အနေအထားမှာက ဘယ်ကိုသွားရင် ဘယ်ကိုရောက်မယ် ဆိုတာမျိုး တော်လှန်ရေးတပ်ဖွဲ့တွေမှာက ကျွမ်းကျင်မှုရှိတယ်။ အခုနောက်ပိုင်း စစ်ကြောင်းလိုက် တိုက်ခိုက်ခံရတာ ဖြတ်တောက်ခံရတာ အခြေအနေအရကတော့ ဒါ တိုင်းရင်းသား  ERO တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုစွမ်းရည်တွေ မြင့်လာတယ်။ တိုက်ခိုက်မှုအရှိန်တွေ တိုးလာတယ်။ ပိုပြီးတော့ စည်းလုံးညီညွတ်လာတယ်ဆိုတာ ဒါ သက်သေပြနေတယ်လို့ပဲ သုံးသပ်ချင်တယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကစပြီး ဖာပွန်မြောက်ပိုင်း လူသောမြို့နယ်အတွင်းက စစ်တပ်စခန်းတွေအတွက် ရိက္ခာပို့ဆောင်ဖို့ စစ်တပ်က စစ်ကြောင်းထိုးခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့တွေရဲ့  ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒါကြောင့် လုံခြုံရေးစစ်ကြောင်းတွေ တိုက်ခိုက်ခံရတာကြောင့် တပ်စခန်းတွေနဲ့ သွားရောက်ပူးပေါင်းခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013