
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ထနောင်းကိုင်းလေးကျေးရွာ အနီးကို စစ်အာဏာရှင်တပ်က လေယာဉ်နဲ့ ဗုံးကြဲချတာကြောင့် အရပ်သားတယောက်နဲ့ နွား ၃ ကောင် သေဆုံးခဲ့ပြီး လူတယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံ ရွာသားတယောက်က “လာကြဲတာက မနေ့ ဇူလိုင်လ ၃၀ ရက် ညနေခင်း ၃ နာရီနီးပါးအချိန်ခန့်က လာကြဲချသွားတာ။ အရင်ဆုံးအပတ်က ၂ လုံး ကြဲချတာ။ နောက်ထပ်တပတ်ကျတော့ ဗုံးထပ်မကြဲတော့ဘဲ လက်နက်ငယ်ပစ်တာ။ သေတာက ဦးမောင်မောင် အသက် ၄၅ နှစ်နဲ့ ဒဏ်ရာရတာက ဒေါ်ဌေးရွှေ အသက် ၅၀ ပါ” လို့ ပြောပါတယ်။
ခင်ဦးမြို့နယ် ထနောင်းကိုင်းလေးကျေးရွာကို စစ်တပ်က တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ အမျိုးအစားနဲ့ ဗုံးကြဲသွားတာလို့လည်း သိရပါတယ်။
ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်မှန်လေးက “ကျနော်တို့ ခင်ဦးမြို့နယ်အတွင်းကို ဒီတလထဲကို ၃ ကြိမ်အထိ ကြဲချခံရတယ်။ ကျနော်တို့ မြေပြင်မှာက ဘာတိုက်ပွဲမှတော့ မရှိဘူး။ သူတို့ ပြည်သူအပေါ် ဒီလောက်အထိ ယုတ်မာရလို့ ယုတ်မာနေတာပါ။ ဘာပြောချင်သလဲဆိုတော့ စစ်အာဏာရှင်စနစ် အမြန်ဆုံး ကျဆုံးပါစေလို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
ခင်ဦးမြို့နယ်အတွင်း ငါးတင်ကြီးရွာ၊ မုံလရွာနဲ့ ထနောင်းကိုင်းလေးကျေးရွာတွေကို စစ်တပ်က ဇူလိုင်လအတွင်း လေယာဉ်အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သား နေအိမ်၊ အဆောက်အအုံနဲ့ ဆေးရုံနဲ့ စာသင်ကျောင်းတွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။










