DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်ဖောက်ခွဲမခံရရေး ကိုယ်ပိုင်လုံခြုံရေးဖြင့် စောင့်ကြည့်ရန် ၀န်ကြီးဌာနများအား တိုက်တွန်း
DVB
·
September 8, 2017
အကြမ်းဖက်ဖောက်ခွဲမခံရရေး ကိုယ်ပိုင်လုံခြုံရေးဖြင့် စောင့်ကြည့်ရန် ၀န်ကြီးဌာနများအား တိုက်တွန်း
Donate to DVB

အစိုးရဝန်ကြီးဌာနတွေ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်ခံရမှု မခံရစေဖို့ ဌာနအလိုက် ကိုယ်ပိုင်လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းစောင့်ကြည့်ဖို့ တိုက်တွန်းထားတယ်လို့ နေပြည်တော်ကောင်စီ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသကို နိုင်ငံတကာက ပိုမိုအာရုံစိုက်လာအောင် ARSA အစွန်းရောက် အကြမ်းဖက်သမားတွေအပေါ် ထောက်ခံမှုတိုးမြှင့် ရရှိလာစေဖို့အတွက် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် အခြားမြို့ကြီးတွေမှာ အကြမ်းဖက်ဖောက်ခွဲ တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ သတင်းတွေရရှိနေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီအတွက် အစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေမှာတော့ နိုင်ငံတကာခေါင်းဆောင်တွေ လာရောက်ချိန်ထားရှိတဲ့ လုံခြုံရေးအစီအမံတွေအတိုင်း အထူးစီမံချထားပြီး စောင့်ကြည့်နေတယ်လို့ နေပြည်တော်ကောင်စီနယ်မြေ ရဲတပ်ဖွဲ့ ရဲမှူးကြီး ဦးဇော်ခင်အောင်က ပြောပါတယ်။

ဒါ့အပြင် အစိုးရဝန်ကြီးဌာနရုံးတွေမှာ အကြမ်းဖက်ဖောက်ခွဲမှုတွေ မဖြစ်ပေါ်စေဖို့အတွက် အတွင်းပိုင်းလုံခြုံရေးအတွက် ဝန်ကြီးဌာနအလိုက် ကိုယ်ပိုင်လုံခြုံရေး အဖွဲ့တွေဖွဲ့ပြီး နေညမပြတ် စောင့်ကင်းတွေထားရှိဖို့ အကြံပြုထားတယ်လို့လည်း ဆိုပါတယ်။

အခုချိန်မှာ အကြမ်းဖက်ဖောက်ခွဲမှု ဖြစ်နိုင်ခြေများတဲ့ ကာလဖြစ်တဲ့အပြင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနအနေနဲ့ သတင်းအတိအကျ ရရှိထားတဲ့အတွက် အခုလို ထုတ်ပြန်တာဖြစ်မယ်လို့လည်း ရဲမှူးကြီး ဇော်ခင်အောင်က ပြောပါတယ်။

ထုတ်ပြန်ချက်အရ ကြည့်မယ်ဆိုရင် မြို့ကြီးတွေပေါ်မှာ ပြုလုပ်လာနိုင်တဲ့ ဖောက်ခွဲမှုတွေဟာ ပြင်ပကလာရောက်ဖောက်ခွဲတဲ့ဖြစ်စဉ်ထက် သင်တန်းပေးခံထားရတဲ့ ဒေသခံတွေထဲက ဖြစ်ဖို့ ရာခိုင်နှုန်းများတယ်လို့ လည်း ရဲမှူးကြီးက ဆိုပါတယ်။

နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးအပါအဝင် အဓိက မြို့ကြီးတွေမှာ အကြမ်းဖက်ဖောက်ခွဲဖို့ စီစဉ်မှုတွေရှိနေတယ်ဆိုတဲ့ ထုတ်ပြန်ချက်ကိုတော့ နိုင်ငံတော် အတိုင်ပင်ခံရုံးအပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကလည်း ထုတ်ပြန်ထားပါတယ်။

မသင်ကာဖွယ် လူပုဂ္ဂိုလ်တွေ၊ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေ စုဆောင်းမှုတွေတွေ့ရှိရင် သတင်းပေးတိုင်ကြားဖို့ အစိုးရက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013