DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် အရည်အသွေးမြင့် ရာဘာပြားစက်ရုံ ၂၀ ကျော် ထပ်မံတည်ဆောက်မည်
DVB
·
September 8, 2017
မွန်ပြည်နယ်တွင် အရည်အသွေးမြင့် ရာဘာပြားစက်ရုံ ၂၀ ကျော် ထပ်မံတည်ဆောက်မည်
Donate to DVB

မွန်ပြည်နယ်မှာ အရည်အသွေးမြင့် ရာဘာပြားစက်ရုံ ၂၀ ကျော် ထပ်မံတည်ဆောက်သွားမယ်လို့ စိုက်ပျိုးမွေးမြူရေးဦးစီးဌာနက ပြောပါတယ်။

မွန်ပြည်နယ်မှာ နိုင်ငံတကာကို တင်ပို့နိုင်မယ့် ရာဘာအရည်အသွေး မရရှိလို့ မွန်ပြည်နယ်ရာဘာလုပ်ငန်းရှင်တွေနဲ့ ပြည်နယ်အစိုးရအပါအ၀င် သက်ဆိုင်ရာဌာနတွေက ရာဘာအရည်အသွေးမြင့် သန့်စင်မှိုင်းခံ ရာဘာပြား စက်ရုံ ၂၀ ကျော်ကို အခုနှစ်အတွင်း ထပ်မံတည်ဆောက်ဖို့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

ရာဘာလုပ်ငန်းရှင်တွေအနေနဲ့ ဘဏ်ချေးငွေရရှိဖို့ လိုလားနေပြီး မွန်ပြည်နယ်အစိုးရက ရာဘာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

“အစည်းအဝေးနေ့တုန်းကတော့ ၁၉ ရုံလောက်ပဲ ပရိုပိုဆယ်ရတယ်၊ အခုက ထပ်တိုးလာတယ်။ ၂၀ ကျော်မှာပါ၊ သူတို့ လိုအပ်ချက်တွေထွက်လာရင် ၀န်ကြီးချုပ်က ပြည်ထောင်စုအစိုးရဆီ တင်ပြမယ်၊ ၀န်ကြီးချုပ်ကတော့ ချေးငွေရတာနဲ့ စက်ရုံတွေကို တပြိုင်တည်း အကောင်အထည်ဖော်ချင်နေတာပါ” လို့ မွန်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ပြည်နယ်ဦးစီးမှူး ဦးကြည်စိုးက ပြောပါတယ်။

လက်ရှိမွန်ပြည်နယ်မှာ ရာဘာစက်ရုံပေါင်း ၇၀ ကျော်ရှိပေမယ့် ရာဘာတပေါင်ကို နိုင်ငံတကာနဲ့ ယှဉ်ရင် ၂၀၀ ကျပ်လျော့ကျနေတဲ့အတွက် နစ်နာမှုတွေရှိကြောင်း၊ အရည်အသွေးမြင့် စက်ရုံတည်ဆောက်ပြီးပါက တနေ့ကို ရာဘာ တန် ၃၀ လောက်ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဦးကြည်စိုးက ဆက်ပြောသည်။

ကျိုက်မရောမြို့နယ်၊ ရာဘာစိုက်ပျိုးထုတ်လုပ်အသင်း အတွင်းရေးမှူးဦးသက်ဦးက “မွန်ပြည်နယ်က ရာဘာတွေကို ဂျပန်နဲ့ စင်ကာပူတို့လို ပြည်ပ နိုင်ငံတွေ ၀ယ်ယူဖို့ ပြောထားတာတွေရှိတယ်၊ ကျနော်တို့ဆီမှာ အဓိက အခက်ခဲက ဘဏ်ချေးငွေတွေပါပဲ” လို့ ဆိုပါတယ်။

ယခင်နှစ်က ရာဘာပေါက်ဈေးမှာ တစ်ပေါင်လျှင် ကျပ် ၅၀၀၊ ကျပ် ၁၀၀၀ အတွင်းသာရှိပြီး ရာဘာပေါက်ဈေးတွေ ဆက်တိုက်ကျဆင်းခဲ့တဲ့အတွက် ရာဘာအရည်အသွေးမြင့် စက်ရုံတွေ တည်ဆောက်နိုင်ဖို့ “မွန်ပြည်နယ်ရဲ့ ရာဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မှိုင်းခံရာဘာပြားစက်ရုံ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲ” ကို စက်တင်ဘာ ၆ ရက်က မွန်ပြည်နယ်အစိုးရရုံး ဟင်္သာခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

မွန်ပြည်နယ်မှာ ရာဘာဧက ၅ သိန်းကျော်ရှိပြီး တနှစ်ကို ရာဘာတန်ချိန် ၁ သိန်းကျော် ထုတ်လုပ်နေတယ်လို့ ရာဘာလုပ်ငန်းရှင်တွေက ပြောပါတယ်။

အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013