DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင် သက်ငယ်မုဒိမ်းမှု ပပျောက်ရေး ၀န်ကြီးချုပ်နှင့်အရပ်ဘက်အဖွဲ့များ ဆွေးနွေး
DVB
·
September 8, 2017
မြိတ်မြို့တွင် သက်ငယ်မုဒိမ်းမှု ပပျောက်ရေး ၀န်ကြီးချုပ်နှင့်အရပ်ဘက်အဖွဲ့များ ဆွေးနွေး
Donate to DVB

မြိတ်မြို့မှာ သက်ငယ်မုဒိမ်းမှု ပပျောက်ရေးနဲ့ ကြိုတင်ကာကွယ်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ ဌာနဆိုင်ရာတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

“ထားဝယ်တို့၊ ကော့သောင်းတို့မှာလည်း ဖြစ်နေတာပဲ။ ဒါပေမယ့် မြိတ်မှာက အတော်လေးကို ဆိုးဆိုးရွားရွား ဖြစ်နေပါတယ်။ နောက်ပြီး အရေးယူမှုအပိုင်းတွေ၊ တရားရုံးမှာ စစ်ဆေးအရေးယူမှုအပိုင်းတွေမှာ ကြန့်ကြာနေတာလို့ သိရတယ်။ အဲဒါ ဘာကြောင့် ဒီလိုဖြစ်နေသလဲ ကျမ သိချင်ပါတယ်။ နောက်ပြီး ဆေးရုံက ဆေးစစ်ချက် မှတ်တမ်းတွေလည်း ထုတ်ပြန်ပေးတာ ကြန့်ကြာနေပါတယ်။ ဘာကြောင့်လဲဆိုတာ ကျမ သိချင်ပါတယ်” လို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောပါတယ်။

တနင်္သာရီတိုင်းဒေသကြီးထဲက သက်ငယ်မုဒိန်းမှုတွေဟာ ၂၀၁၂ ခုနှစ်က စတင်ပြီး ဖြစ်ပွားလာကာ အခုနှစ်ထဲမှာ ဖြစ်ပွားမှုအများဆုံး ဖြစ်လာနေတယ်လို့ တိုင်းဒေသကြီး ရဲမှူးကြီးနေမျိုးက ပြောပါတယ်။

“သက်ငယ်မုဒိမ်းမှု များပြားလာတာက ၂၀၁၁-၂၀၁၂ မှာ များပြားလာတယ်။ တနှစ်ထက် တနှစ် များပြားလာတယ်။ ဒီနှစ်ထဲမှာ မုဒိမ်းမှုနဲ့ ကြိုးပမ်းအားထုတ်မှုတွေလည်း ရှိလာတယ်။ အရေးယူမှု ကြန့်ကြာနေတာကတော့ ကျနော်တို့ ပြန်လည်စိစစ်သွားမှာပါ။ ၂၀၁၇ သြဂုတ်လအထိ ၈ လအတွင်းမှာ မုဒိမ်းမှု ၃၆ မှု ဖြစ်ခဲ့တယ်။ သက်ကြီးမုဒိမ်းမှု ၇ မှုနဲ့ သက်ငယ်မုဒိမ်းမှု ၂၉ မှုအထိ ရှိခဲ့ပါတယ်” လို့ တိုင်းဒေသကြီး ရဲမှူးကြီးနေမျိုးက ပြောပါတယ်။

သက်ငယ်မုဒိမ်း ဖြစ်ပွားမှု များလာတာဟာ ဖုန်းတွေကို အလွယ်တကူ သုံးလာနိုင်တာ၊ မကြည့်အပ် မသုံးအပ်တဲ့ ပို့စ်တွေ၊ ဆိုဒ်တွေကို ဝင်ရောက်ကြည့်ရှုတာတွေကြောင့် ဖြစ်ပြီး မသိနားမလည်တဲ့ ကလေးငယ်တွေဟာ သားကောင်အဖြစ် အသုံးချခံနေရတယ်လို့ ရဲတပ်ဖွဲ့က သုံးသပ်ပြောကြားခဲ့ပါတယ်။

သက်ငယ်မုဒိမ်းမှု လျော့နည်းပပျောက်လာရေးအတွက် ကျောင်းတွေမှာ ပညာပေးအစီအစဉ်တွေ လုပ်ဆောင်တာ၊ ပြည်သူလူထုထဲကို အသိပညာပေး အစီအစဉ်တွေ လုပ်ဆောင်တာတွေ ဆောင်ရွက်ဖို့ အရပ်ဘက် အဖွဲ့အစည်းတွေက တင်ပြဆွေးနွေးခဲ့ပြီး ဖုန်းအသုံးပြုမှုကြောင့် ဖြစ်ပွားမှု များလာတာတွေ ဖြစ်နိုင်ခြေ နည်းပါးတဲ့ သုံးသပ်ချက်တခုဖြစ်ပြီး စစ်တမ်းကောက်ယူမှုတွေ ပြုလုပ်သင့်ကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်အနေနဲ့ သက်ငယ်မုဒိမ်းမှု ပပျောက်ရေးနဲ့ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို ပြစ်ဒဏ်ချမှတ်မှု ကြန့်ကြာနေတာကို အမြန်ဆုံး လုပ်ဆောင်ပေးဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တိုက်တွန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013