DVB Logo
Home
မြန်မာသတင်း
မြန်မာသွင်းကုန်များအပေါ်ကန့်သတ်မှုများ ရုပ်သိမ်းပေးရန် အိန္ဒိယဝန်ကြီးချုပ်အား တောင်းဆို
DVB
·
September 7, 2017
မြန်မာသွင်းကုန်များအပေါ်ကန့်သတ်မှုများ ရုပ်သိမ်းပေးရန် အိန္ဒိယဝန်ကြီးချုပ်အား တောင်းဆို
Donate to DVB

 

ပဲမျိုးစုံအပါအ၀င် မြန်မာနိုင်ငံမှ တင်သွင်းကုန်တွေအပေါ် ကန့်သတ်ထားမှုကို  ပြန်ရုပ်သိမ်းပေးဖို့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  အိန္ဒိယဝန်ကြီးချုပ် ထံ  တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီး လာရောက်တဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီရဲ့ ခရီးစဉ်အတွင်း ခုလိုတောင်းဆိုလိုက်တာလို့  နှစ်နိုင်ငံ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

“နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍတွင် ပဲမျိုးစုံကုန်သွယ်မှုသည် မြန်မာ ပဲစိုက်ပျိုးသူများနှင့် အိန္ဒိယ စားသုံးသူများ အတွက် အကျိုးသက်ရောက်မှုရှိသဖြင့် ပဲမျိုးစုံကုန်သွယ်မှု၏ အရေးပါမှုကို နှစ်ဖက်လုံးက အသိအမှတ်ပြုခဲ့ပါသည်။ သို့ဖြစ်ရာ မကြာသေးမီက အိန္ဒိယအစိုးရက ပဲမျိုးစုံကုန်သွယ်မှုအပေါ် ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့မှုအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က စိုးရိမ်ကြောင်း ပြောကြားလျက် နှစ်နိုင်ငံ ပြည်သူများ၏ ရေရှည် အကျိုးစီးပွားနှင့် ချစ်ခင်ရင်းနှီးသည့် နှစ်နိုင်ငံ ဆက်ဆံရေးကိုရှေးရှုလျက် မြန်မာနိုင်ငံမှ တင်သွင်းကုန်များအပေါ် ကန့်သတ်မှုများ ရုပ်သိမ်းပေးရန် အိန္ဒိယဝန်ကြီးချုပ်အား တောင်းဆိုခဲ့ပါသည်။”လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီက  အနာဂတ်မှာ နှစ်နိုင်ငံပြည်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်မယ့် ရေရှည်အစီအမံတွေ ချမှတ်ဆောင်ရွက်ဖို့ အရေးကြီးတဲ့ အကြောင်း ပြန်လည်တုန့်ပြန်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးအပြီး ရရှိခဲ့တဲ့ သဘောတူညီချက်တွေထဲမှာ အိန္ဒိယနိုင်ငံရဲ့ ကူညီပံ့ပိုးမှုနဲ့ မုံရွာနဲ့ သထုံမြို့တွေမှာ သင်တန်းကျောင်း၂ခု တည်ထောင်ဖို့၊  ရန်ကုန်မြို့မှာ မြန်မာ-အိန္ဒိယ စီးပွားရေးစွမ်းဆောင်ရှင်များ ဖွံ့ဖြိုးရေးဗဟိုဌာနနဲ့ အင်္ဂလိပ် ဘာသာစကားလေ့ကျင့်ရေးဗဟိုဌာန အဆင့်မြှင့်တင်ဖို့နဲ့ သင့်လျော်တဲ့နေရာမှာ နက္ခတ်တာရာပြခန်းတစ်ခုတည်ဆောက်ဖို့တွေပါဝင်ပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ သံတမန် သင်တန်းကျောင်းမှာ မြန်မာသံတမန်တွေအတွက် ပုံမှန်သင်တန်းတွေပေးဖို့၊ မြန်မာနိုင်ငံမှ နိုင်ငံ့ဝန်ထမ်း ၁၅၀ ကို အိန္ဒိယနိုင်ငံရှိ သင်တန်းကျောင်းတွေမှာ  အင်္ဂလိပ် ဘာသာစကား ငါးနှစ်တာကာလအထိ နှစ်စဉ် သင်ကြားပေးရန်ဖို့နဲ့  နှစ်စဉ် မြန်မာ သံတမန် ၂ဦးအား ဟင်ဒီဘာသာသင်တန်းကျောင်းမှာ တက်ရောက်နိုင်ဖို့ လည်း အိန္ဒိယဘက်က ကမ်းလှမ်းခဲ့ပါတယ်။

အိန္ဒိယရဲ့ နည်းပညာနဲ့ ငွေကြေးအကူအညီနဲ့ ရမည်းသင်းရှိ အမျိုးသမီး ရဲလေ့ကျင့်ရေးသင်တန်းကျောင်းကို အဆင့်မြှင့်တင်ဖို့  ရန်ကုန်မြို့မှာ ရဲအရာရှိသင်တန်းကျောင်း တစ်ခုတည်ထောင်ဖို့၊ နေပြည်တော်မှာ ကမ္ဘာ့အဆင့်မီ အဆင့်မြင့်ဆေးရုံတစ်ရုံ တည်ဆောက်ဖို့ ဆွေးနွေးညှိနှိုင်းကြဖို့ နှစ်ဖက်သဘောတူညီခဲ့ကြပါတယ်။

ဒါ့အပြင် ပုဂံရှိ ရှေးဟောင်း ဘုရားပုထိုး (၉၂)ဆူနဲ့ အဆောက်အအုံတွေ ထိန်းသိမ်းရေးအတွက်သာမက ပုဂံလက်မှုထုတ်ကုန်ဈေး၊ အစားအသောက်နဲ့ယဉ်ကျေးမှု၊ LED စနစ်နဲ့ လမ်းမီးစနစ်၊ မိုးရေထိန်းသိမ်းခြင်း၊ ပုဂံဒေသခံတွေ ဝင်ငွေတိုးတက်စေရေးကိစ္စတွေ အပြင် စာသင်ကျောင်းတွေအဆင့်မြှင့်ရေး၊ အိန္ဒိယနှင့် မြန်မာသတင်းမီဒီယာကောင်စီတွေအကြား ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့်သဘောတူညီမှုရရှိခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013