DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းက ကျောင်းများတွင် ရခိုင်စာပေနှင့် ရခိုင်စကား သင်ကြား
DVB
·
September 7, 2017
ဧရာဝတီတိုင်းက ကျောင်းများတွင် ရခိုင်စာပေနှင့် ရခိုင်စကား သင်ကြား
Donate to DVB

ဧရာဝတီတိုင်းမှာရှိတဲ့ ရခိုင်တိုင်းရင်းသားအများစု နေထိုင်တဲ့ ကျေးရွာတွေက အခြေခံပညာကျောင်းတွေမှာ ရခိုင်စာပေနဲ့ ရခိုင်စကားကို ကျောင်းချိန်ပြင်ပ သင်ကြားမှုတွေ ပြုလုပ်ပေးနေပါတယ်။

ရခိုင်စာပေနဲ့စကားကို အခြေခံပညာကျောင်းတွေမှာ တာဝန်ကျနေတဲ့ ရခိုင်တိုင်းရင်းသား ဆရာ၊ ဆရာမတွေကပဲ ပြန်လည်သင်ကြားပေးသွားမှာဖြစ်ပြီး ကိုယ့်လူမျိုးရဲ့ စာပေနဲ့စကားကို ပြောတတ် ဖတ်တတ်တဲ့အထိ သင်ကြားပေးသွားမယ်လို့ ဆရာ၊ ဆရာမတွေက ပြောပါတယ်။

အလယ်တန်းပြဆရာမ ဒေါ်အိအိဖြူက “သမီးလည်း ပြောတယ်။ ကလေးတွေလည်း သင်တဲ့အချိန်မှာ ပျော်ကြတယ်။ သမီးက စာလည်း ဖတ်နိုင်တယ်လေ။ စာအုပ်ကို သူတို့ကို တခေါက် ဖတ်ပြလိုက်တယ်ပေါ့။ သူတို့ကို လိုက်ဆို ဆိုရင် ပျော်ပျော်ရွှင်ရွှင် လိုက်ဆိုကြတယ်။ ပုံပြင်လေးတွေ ပါတဲ့အခါကျတော့ ပုံပြင်စာတွေ ဖတ်ပြခိုင်းတယ်။ အားရင် သင်ပေးဦးလို့ သူတို့က ပြောနေကြတယ်။ ကာယအချိန်၊ စာရိတ္တအချိန်တွေမှာ ဖဲ့ပြီး သင်ပေးတာပေါ့။ နေ့ခင်းကျောင်းဆင်းချိန်ကျရင် သူတို့ အားနေရင်လည်း သမီးတို့ သားတို့ ဖတ်ချင်တယ်ဆိုရင် ဖတ်ပေးလိုက်တာပေါ့။ သူတို့ကို တယောက် တအုပ် စာအုပ်ပေးလိုက်တယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ရခိုင်တိုင်းရင်းသား စာပေနဲ့စကားကို အခုအချိန်မှာ ငွေဆောင်မြို့နဲ့ ချောင်းသာကျေးရွာတွေက အခြေခံပညာကျောင်း ၃ ကျောင်းမှာ စတင်သင်ကြားပေးနေပြီး ကျောင်းသား ကျောင်းသူ ၉၆ ဦး တက်ရောက် သင်ကြားနေကြတယ်လို့ တိုင်းအစိုးရအဖွဲ့ စာရင်းများတွေအရ  သိရပါတယ်။

အလယ်တန်းပြဆရာမ ဒေါ်စန်းစန်းမြင့်က “ဘယ်လိုအခက်အခဲတွေ ရှိလဲဆိုတော့ ဒီကလေ ရခိုင်အစစ်တွေလည်း မဟုတ်ဘူး။ နောက်ပြီး ရခိုင်လူမျိုး တခုတည်းလည်း မဟုတ်ဘူး။ လူမျိုးတွေက ကရင်လည်း ရှိတယ်၊ ဗမာလည်း ရှိတယ်၊ ရခိုင်လည်း ရှိတယ်ဆိုတော့ လောလောဆယ် ဒီမှာသင်နေတာ အားလပ်တဲ့အချိန်မှာ တချိန်ယူပြီး သင်လိုက်တယ်။ ကိုယ်က အတိအကျ မသင်တတ်ဘူး။ ကိုယ်ပြောတာနဲ့ သူတို့ကို ဖတ်ခိုင်းလိုက် အပေးအယူလုပ်ပြီး ပြောရ၊ သင်ရတယ်။ အခု ဒီမှာ အစိုးရက ထောက်ပံ့နေတဲ့ ၃ သောင်းကတော့ မရပါဘူး” လို့ ပြောပါတယ်။

ရခိုင်တိုင်းရင်းသားစာ သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေမှာ လစာသီးသန့်မရှိဘဲ အစိုးရ ထောက်ပံ့ငွေ တလ ၃ သောင်းကျပ်သာ ခံစားခွင့်ရမှာဖြစ်ပြီး စာပေသင်ကြားရေး နည်းစနစ်တွေကို ပို့ချပေးတဲ့ သင်တန်းတွေ မရှိတာကြောင့် လတ်တလော အခြေခံပညာကျောင်းတွေမှာ တာဝန်ကျနေတဲ့ စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမတွေကပဲ သင်ကြားပေးနိုင်ဖို့ စီစဉ်နေတာဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်စောက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်စောက “အဓိကကတော့ ရခိုင်စာပေဆိုတာ စာအနေနဲ့ သီးသန့်မရှိတော့ ဗမာစာနဲ့ ရေးထားတဲ့ ရခိုင် အသံထွက်တွေပေါ့။ အဲဒီအပိုင်းတွေ ကလေးတွေကို သင်ပေးတယ်။ တနည်းပြောရရင် ကလေးတွေကို ရခိုင်စကား ကောင်းကောင်းပြောတတ်အောင်၊ ရခိုင်လူမျိုးရဲ့ မိမိစကားကို အသက်ကြီးတဲ့အခါမှာ မမေ့အောင်ပေါ့။ အဲဒါလေးတွေကို ရည်ရွယ်ပြီး မူလတန်းကစပြီး တတ်နိုင်ရင် အတန်းကြီးအပိုင်းအထိ ရခိုင်စကား ပြောတတ်အောင် ရည်ရွယ်ချက်နဲ့ စာကို သင်ပေးလိုက်တယ်ပေါ့။ အမှန်တော့ ပညာရေးဝန်ကြီးဌာနက ထုတ်လိုက်တဲ့ စာအုပ်က သူငယ်တန်းရယ်၊ ပထမတန်းရယ်၊ ဒုတိယတန်းရယ် ၃ အုပ် ထုတ်တယ်။ ဒါပေမယ့် ဒီမှာက သူငယ်တန်းက ဝလုံး ရေးတဲ့အဆင့်ပဲ ရှိတာဆိုတော့ ဒုတိယတန်းကစပြီး သင်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် ကျောင်းတွေမှာ ဒုတိယတန်းကစပြီး ဒုတိယတန်းစာအုပ် ဆိုပေမယ့် သူတို့ဟာ သူငယ်တန်းက စာအုပ်ကစပြီး သင်ကြားဖို့ တာဝန်ပေးလိုက်တယ်။ သင်တဲ့အခါမှာ သူငယ်တန်းစာအုပ်က စသင်တယ်။ ပြီးတဲ့အခါမှာ ပထမတန်း၊ ဥပမာ ၈ တန်းသမားလည်း ပထမတန်းကနေ သင်ရမှာပဲ။ ရခိုင်စကား မတတ်သေးဘူးဆိုတော့လေ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ ရခိုင်တိုင်းရင်းသား ၃ သိန်းကျော် နေထိုင်နေပြီး ပုသိမ်ခရိုင်အတွင်းမှာရှိတဲ့ ငပုတောမြို့နယ်ထဲက ကျေးရွာတွေ၊ ငွေဆောင်မြို့နဲ့ ချောင်းသာကျေးရွာတွေမှာ အများဆုံး နေထိုင်နေကြပါတယ်။

မြမင်းဦး (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013