DVB Logo
Home
Lead Story
ယှဉ်ပြိုင်မှု မညီမျှတဲ့ ရုပ်သံနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေ
DVB
·
September 7, 2017
ယှဉ်ပြိုင်မှု မညီမျှတဲ့ ရုပ်သံနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေ
Donate to DVB

 

“၂၀ ရာစုနောက်ပိုင်း သတင်းအချက်လက်တွေနဲ့ ဆက်သွယ်ရေးနည်းပညာတွေဟာ ကမ္ဘာ့မျက်နှာစာမှာ နေရာယူလာလိမ့်မယ်”လို့ အစောဆုံး ဟောကိန်းထုတ်ခဲ့သူကတော့ အတွေးအခေါ်ရှင်ကြီး ဘာထရန်ရပ်ဆဲပါပဲ။

သူ ဟောကိန်းထုတ်စဉ်ကတော့ ဒုတိယကမ္ဘာစစ်အတွင်း ထရန်စ္စတာသုံး ရေဒီယိုတွေကိုပဲ အသုံးပြုနေဆဲပါ။ ဥရောပမှာတော့ ရုပ်မြင်သံကြား ပေါ်နေပါပြီ။ ကွန်ပျူတာလည်း ပေါ်ဦးစပါ။ အဲဒီအချိန်ကတော့ ဆက်သွယ်ရေးနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ကိစ္စရပ်တွေက ရှုပ်ရှုပ်ထွေးထွေးတော့ မရှိသေးပါဘူး။ ရိုးရှင်းနေဆဲပါ။

၂၀ ရာစု နှောင်းပိုင်းကစလို့ အနောက်အုပ်စုတွေမှာတော့ ထွေပြားလာခဲ့သလို ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေတွေလည်း ပြန်လည် ရေးဆွဲခဲ့ကြပါတယ်။

မြန်မာနိုင်ငံကတော့ အသံလွှင့်မီဒီယာကို ၁၉၄၆ ဖေဖော်ဝါရီလမှာ စတင်ထုတ်လွှင့်နိုင်ခဲ့ပါတယ်။ ရုပ်သံမီဒီယာကိုတော့ ၁၉၇၉ မှာ စမ်းသပ်ထုတ်လွှင့်ခဲ့တာပါ။

စတင်စဉ်ကတော့ ရန်ကုန်တဝိုက်ပဲ ထုတ်လွှင့်ခဲ့တာ။ ရုံးတွေ၊ တက္ကသိုလ် ကျောင်းဆောင်တွေမှာတော့ အစိုးရ ပံ့ပိုးမှုနဲ့ ကြည့်ရှုလို့ရနေပါပြီ။ ၁၉၈၀ မှာတော့ ပြည်သူတွေထံ စတင် ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာနဲ့ယှဉ်ရင် နောက်ကျခဲ့ပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံကတော့ မြန်မာထက်စောစွာ ပေါ်ခဲ့ပါတယ်။ ၁၉၈၅ မှာတော့ ရုပ်မြင်သံကြားစက်တွေ ရောက်ရှိလာခြင်းနဲ့အတူ ဗွီဒီယိုတွေလည်း  ရောက်ရှိလာခဲ့တယ်။ ဒါကြောင့် ၁၉၈၅ ခုနှစ်ထဲမှာပဲ ရုပ်မြင်သံကြားနဲ့ ဗွီဒီယိုဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။

    ၁၉၉၆ခုနှစ်ထဲမှာတော့ ရုပ်မြင်သံကြားနဲ့ ဗွီဒီယို ဥပဒေအသစ် ထပ်မံပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေ ပြဋ္ဌာန်းခြင်းနဲ့အတူ ၁၉၈၅ ခုနှစ် ဥပဒေကို ရုပ်သိမ်းလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ ဗွီဒီယိုနဲ့ ရုပ်မြင်သံကြားကို သီးခြားခွဲထုတ်လိုက်ပြီး ရုပ်မြင်သံကြားနဲ့ အသံလွှင့်ခြင်းကို ပူးပေါင်းပြီး ၂၀၁၅ ခုနှစ်မှာ ရုပ်မြင်သံကြားနှင့် အသံလွှင့်ခြင်းဆိုင်ရာ  ဥပဒေကို ပြဋ္ဌာန်းလိုက်ပါတော့တယ်။

ဥပဒေထွက်ပြီး ၅ လအကြာမှာတော့ ရုပ်မြင်သံကြားနှင့်အသံလွှင့်ခြင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ တကယ်တော့ ဥပဒေမထွက်မီကတည်းက မြန်မာနိုင်ငံမှာ ဒီဂျစ်တယ်တီဗွီလိုင်းပေါင်း ၆၀ ခန့်လောက် ရှိနေပါပြီ။

အဲဒီထဲက ၄၅ လိုင်းက ချပေးသွားပြီးပါပြီ။ ဘယ်သူတွေကို ဘယ်လိုပုံစံနဲ့ လိုင်းချပေးထားသလဲ ဆိုတာ ဘယ်သူမှ မသိခဲ့ရပါဘူး။ ပွင့်လင်းမြင်သာမှု မရှိခဲ့ဘူးလို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။ အချို့သော သတင်းရပ်ကွက်များကတော့ မီဒီယာလက်ဝါကြီးအုပ်မှုကို ကျူးလွန်ရာကျတယ်လို့ သုံးသပ်ကြပါတယ်။

ဘာပဲဖြစ်ဖြစ် မီဒီယာတခုကို လူနည်းစုက လက်ဝါးကြီးအုပ်ထားတာကတော့ တိုင်းပြည်တခုမှာ အန္တရာယ် အလွန်များတဲ့ လုပ်ရပ်တခုပါ။ တပြိုင်တည်း လွတ်လပ်စွာ ဈေးကွက်ယှဉ်ပြိုင်မှုကို အဟန့်အတား ဖြစ်ပါတယ်။

ဒါကြောင့် ဒီဗွီဘီရဲ့ “ပိုင်းခြားစိတ်ဖြာ ဥပဒေရေးရာ(Law Lab)အစီစဉ်မှာ “ရုပ်မြင်သံကြားနဲ့ အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေအပေါ် ရှုမြင်ချက်”ကို ဆွေးနွေးတင်ဆက်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။

ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေ အသက်ဝင်ခြင်း မရှိသေးတာနဲ့ ပတ်သက်ပြီး အစီအစဉ်တင်ဆက်သူ ဦးခင်သန်းအမေးကိုတော့ ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်ခဲ့တဲ့  ဦးခိုင်မောင်ရည်က “ဒီဥပဒေက အရင်အစိုးရ လက်ထက်ကတည်းက ပြဋ္ဌာန်းခဲ့တာပါ။ နည်းဥပဒေရေးဆွဲဖို့ ပြင်ဆင်နေတုန်း အခြေအနေတွေ ပြောင်းသွားတော့ နည်းဥပဒေလည်း မရေးဖြစ်တော့ပါဘူး။ ဥပဒေအရ ကော်မတီဖွဲ့ရမှာပါ။ အခုဟာက ကော်မတီမဟုတ်ဘဲ ရုပ်/သံဖွံ့ဖြိုးရေးအဖွဲ့ဆိုပြီး ဖွဲ့ထားတော့ ကောင်စီနဲ့ သဟဇာတမဖြစ်ဘူး။ ဘယ်အဖွဲ့က ကြီးကြပ်မှာလဲဆိုတာ တိတိကျကျ မရှိနိုင်တော့ဘူး။ ဒါဟာလည်း ဥပဒေသက်ဝင်ဖို့ ကြန့်ကြာစေတဲ့ တချက်ပါပဲ”လို့ ဆိုပါတယ်။

တရားလွှတ်တော် ရှေ့နေကြီး ဦးအောင်စိုးဦးကတော့ “ဒီဥပဒေမှာ ပြင်ရမှာတွေ ရှိတယ်။ အရင်က ချမှတ်ထားခဲ့တဲ့လိုင်းတွေလည်း ဥပဒေ အသက်ဝင်တာနဲ့ ပြန်လည်လျှောက်ထားသင့်တယ်။ ဒါဟာ စံနှုန်းနဲ့ မညီသလို တရားမျှတတဲ့ ယှဉ်ပြိုင်မှုကို ပျက်ယွင်းစေတယ်”လို့ဆွေးနွေးသွားပါတယ်။

မဇ္ဈိမမီဒီယာက အယ်ဒီတာချုပ် ဦးစိုးမြင့်ကလည်း  ဥပဒေ ပြဋ္ဌာန်းပြီး ၆ လအကြာမှာ ကောင်စီဖွဲ့ရမယ်လို့ ပါတယ်။ ကောင်စီမဖွဲ့နိုင်ခြင်းကလည်း မကြာသင့်ပဲ ကြာနေတာ။ ဘာပဲဖြစ်ဖြစ် ဒီဥပဒေဟာ အားလုံးပါဝင်မှုမှာ အားနည်းသလို ပွင့်လင်းမြင်သာမှုလည်း အားနည်းတိမ်းချော်နေတယ်လို့ ထင်ပါတယ်လို့ ဆိုပါတယ်။ အားလုံးကတော့ ရုပ်သံမီဒီယာဖွံ့ဖြိုးဖို့ဆိုရင် တဦးတယောက် တဖွဲ့တည်းလုပ်လို့ မရဘူး။ မျှတမှုရှိရမယ်။ နည်းဥပဒေမှာလည်း မျှတစွာ ယှဉ်ပြိုင်မှုကို အားပေးရမယ်။ တကယ်တော့ အခုလို အချိန်ဆွဲတာကိုက ပိုလို့မမျှတမှုကို ဖြစ်စေတယ်လို့ ဆွေးနွေးသွားခဲ့ကြပါတယ်။

ဆွေးနွေးပွဲကတော့ ပြီးဆုံးသွားပါပြီ။ ဒါပေမယ့် ဈေးကွက်ကို ဘယ်လို လက်ဝါးကြီးအုပ်ပြီး ဘယ်လိုဈေးကွက် လက်ဦးမှုယူခဲ့သလဲ အချိန်ဆွဲထားခြင်းကြောင့် မမျှတတဲ့ ယှဉ်ပြိုင်မှု ဖြစ်စေတယ်ဆိုတာ ပြန်လည်ရှင်းပြဖို့ လိုမယ်ထင်ပါတယ်။

ရုပ်မြင်သံကြား ထုတ်လွှင့်ရာမှာ အင်နာလော့ (Analogue) နဲ့ (Digital) ဆိုပြိး နှစ်မျိုး ရှိပါတယ်။ မြန်မာနိုင်ငံမှာ အင်နာလော့နဲ့ ကြည့်ရှုသူ သန်း ၃၀ လောက် ရှိပါတယ်။

လက်ရှိ ဒီဈေးကွက်ကို လက်ဦးမှု ရထားတာက အစိုးရဟောင်း အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေပါ။ သူတို့ဈေးကွက်ဦးပြီးမှ ကျန်တဲ့ ရုပ်သံမီဒီယာတွေက ဝင်လာရမှာပါ။ အရင်လူဟောင်း ခရိုနီတွေ ဈေးကွက်ခိုင်ပြီး နောက်မှဝင်လာသူတွေဟာ မပြိုင်ဆိုင်ရခင်က တည်းက ရှုံးနေသလို ဖြစ်နေပါတယ်။

တကယ်တော့ ပုဂ္ဂလိကပိုင် မီဒီယာတွေဟာလည်း ကြော်ငြာအပေါ်မှာ အမှီပြု ရပ်တည်ကြရတာပါ။ ဒီဂျစ်တယ်ရုပ်သံလိုင်းတွေကျတော့ အခပေးရုပ်သံ ဖြစ်တဲ့အတွက် လောလောဆယ် မြန်မာနိုင်ငံမှာ ကြည့်သူ ဦးရေ နည်းနေပါသေးတယ်။

ဒီကြားထဲ အစိုးရပိုင်ရုပ်သံတွေကလည်း ကြော်ငြာဈေးကွက်ကို လွှမ်းမိုးချုပ်ကိုင်ထားတာပါ။ ဈေးကွက်မျှဝေမှုအတွက်ဆိုရင် အစိုးရပိုင်မီဒီယာတွေမှာ လက်ခံထုတ်လွှင့်နေတဲ့ ကြော်ငြာတွေကို လျှော့ချပေးမှ မျှတနိုင်မယ်လို့ ဆိုကြပါတယ်။

ဘာပဲဖြစ်ဖြစ် ဈေးကွက်ယှဉ်ပြိုင်မှု မျှတရေးကို စဉ်းစားမယ်ဆိုရင်တော့ ရုပ်သံဥပဒေဟာ မျှတတဲ့ ဈေးကွက်ယှဉ်ပြိုင်မှုဖြစ်ရေး ဦးစားပေးပြီး နည်းဥပဒေကို အမြန်ဆုံး ရေးဆွဲပြဋ္ဌာန်းသင့်တယ်။

ဒါအပြင် ယှဉ်ပြိုင်မှုဥပဒေနဲ့လည်း သဟဇာတဖြစ်ဖို့ လိုမယ်လို့ ယူဆမိပါတယ်။ ဒါမှသာ မျှတတဲ့ဈေးကွက်ယှဉ်ပြိုင်မှုရှိတဲ့ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေ ဖြစ်လာနိုင်မယ်လို့ ထင်မြင်မိကြောင်းပါ။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013