DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်း ကုလားကာရွာကျောင်းတွင် ဆရာ မလုံလောက်၍ အခက်အခဲဖြစ်နေ
DVB
·
September 7, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရေတွင်းအုပ်စု၊ ကုလားကာရွာ မူလတန်းကျောင်းမှာ ကျောင်းသား ကျောင်းသူ ၁၂၀ လောက် ရှိပေမယ့် ဆရာ ၃ ယောက်၊ ဝန်ထမ်း ၁ ယောက်သာ ရှိနေလို့ ကလေးတွေ ပညာရေးအတွက် ကျောင်းသားမိဘတွေ ပူပန်နေတယ်လို့ စက်တင်ဘာ ၆ ရက်က ရွာဦးကျောင်းဆရာတော် ဦးဥတ္တမက ပြောပါတယ်။

“KG ကနေ ၄ တန်းအထိ အတန်းက ၅ တန်းရှိတယ်။ ဆရာမ ၂ ယောက်၊ ကျောင်းအုပ် ၁ ယောက်၊ အထွေထွေ ၁ ယောက် ပေါင်း ၄ ယောက်ရှိတယ်။ ဒီအတိုင်းကိုပဲ အတန်းတခု လွတ်နေပြီ။ ဆရာမတယောက်က မီးဖွားခွင့် ယူမယ်။ တယောက်က အဝေးသင် သွားရမယ်။ ဒါဆို ကျောင်းအုပ်နဲ့ ဆရာ ၁ ယောက်ပဲ ရှိတော့မယ်။ ကလေးတွေ ပညာရေး ရင်လေးမိတယ်။ သံတော်ဆင့်ဂျာနယ်မှာ ထည့်ထားတယ်။ ဒါလည်း သက်ဆိုင်ရာတွေက မဖြေရှင်းပေးဘူး။ ခက်တော့ခက်နေပြီ” လို့ မိန့်ကြားပါတယ်။

ဒုပညာရေးမှူး ဦးကျော်မြင့်က “ကျောင်းတကျောင်းကို အနည်းဆုံး ရှိရမှာက ကျောင်းအုပ် ၁ ယောက်၊ ဆရာ ၄ ယောက်၊ အထွေထွေ ၁ ယောက်၊ ပေါင်း ၆ ယောက်ရှိရမယ်။ အဲဒီလိုပြည့်မီအောင် မရှိတဲ့ ကျောင်းတွေ အများကြီးပဲ။ ဆရာခွဲတမ်းအပြည့်ရှိပြီး ကျောင်းသား ၂၀၊ ၃၀ လောက်ရှိတဲ့ ကျောင်းတကျောင်းတလေတော့ ရှိပါတယ်။ ဆရာ လိုနေပေမယ့် အဲဒီကျောင်းကို သွားလိုပါတယ်လို့ လျှောက်တဲ့သူ မရှိရင် ဆရာ မရဘူး။ ဝေးတဲ့နေရာတွေကိုတော့ နေ့စားလပေးတွေ အခုမှ အလုပ်စဝင်သူတွေ သွားရတယ်။ တမြို့နယ်လုံး ဆရာတွေ အများကြီး လိုနေပါတယ်”လို့ ပြောပါတယ်။

ကုလားကာရွာ ကျောင်းအုပ်ဆရာ ချစ်စမ်းပိုက “ရုံးလုပ်ငန်း တဖက်၊ စာသင်တဖက် လုပ်နေရတယ်။ အတန်း တတန်းကို ကျောင်းသား ၃၀ လောက်ရှိနေတယ်။ ရွာဦးဆရာတော်ကလည်း ကူညီပြီး စာသင်ပေးပါတယ်။  ပြောင်းသွားတဲ့ ၂ ယောက်နေရာ အစားမရသေးတာပါ”လို့ ပြောပါတယ်။

ဝမ်းတွင်းတမြို့နယ်လုံး ဆရာအင်အား ၁၇၀၀ ကျော်ရှိပါတယ်။ ကျောင်းပေါင်း ၁၆၈ ကျောင်း ရှိနေပါတယ်။ ကျေးရွာပေါင်း ၂၁၈ ရွာ ရှိနေပါတယ်။ ဆရာတွေ လိုနေပေမယ့် ထပ်တိုးပြီး ခန့်ထားမှု မရှိသေးလို့ ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းတွေမှာ ဆရာ၊ ဆရာမ အင်အား အပြည့် မရှိတာကို ကလေးတွေအတွက် ပူပန်သောကရောက်နေတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013