DVB Logo
Home
မြန်မာသတင်း
ငွေ ၁၀ သိန်းဖြင့် တရားခံအငှားလိုက်ခဲ့မှု တောင်ငူထောင်ဘူးဝတွင် စစ်ဆေးတွေ့ရှိ
DVB
·
September 7, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တရားရုံးက ထောင်ဒဏ် ၂  လ ကျခံဖို့ အမိန့်ချခံရတဲ့သူကို စက်တင်ဘာ ၆ ရက်နေ့က တောင်ငူအကျဉ်းထောင်ကို လာရောက်ပို့ဆောင်ခဲ့ပါတယ်။

ပို့ဆောင်ခံရသူမှာ အစားထိုးတရားခံ ဖြစ်တယ်လို့ ထွက်ဆိုတဲ့အတွက် တောင်ငူ အကျဉ်းထောင်က လက်မခံဘဲ သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့စခန်းကို ပြန်လည်လွှဲပြောင်းပေး ခဲ့တယ်လို့ တောင်ငူအကျဉ်းထောင်က ပြောပါတယ်။

တောင်ငူအကျဉ်းထောင်မှ တာဝန်ရှိသူတဦးက “အကိုတို့ကတော့ အကျဉ်းထောင် လက်စွဲဥပဒေအရ ကျလာတဲ့ အကျဉ်းသားကို မှန်၊ မမှန် အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးတာပါ။ အဲဒီလို စစ်ဆေးတဲ့အခါမှာ သူ့ဟာသူ ဖော်တာပါ။ ငွေဆယ်သိန်းနဲ့ အစားထိုးပြီး ကျခံတာပါလို့ ဖော်တဲ့အတွက် ဒါကို ပြန်လည်စုံစမ်းစစ်ဆေးပေးဖို့ သက်ဆိုင်ရာ နယ်မြေရဲစခန်းကို ပြန်လွှဲပေးလိုက်ပါပြီ။ ထောင်ထဲလည်း မရောက်သေးပါဘူး။ ဘူးဝပေါ့နော်။ ထောင်ဝမှာ စစ်ဆေးချိန်မှာ ဖြစ်တာပါ။ အခု ပြန်လွှဲပေးလိုက်ပါပြီ”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောက်တံခါး မြို့မနယ်မြေရဲတပ်ဖွဲ့စခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ “အဲဒါက သစ်တောက စွဲတာပါ။ စခန်းက ‘ပ’နံပါတ်နဲ့ မဟုတ်ပါဘူး။ အကိုလည်း အချက်အလက် မသိသေးဘူး။ ထောင်ကျတော့မှ အချုပ်ကားနဲ့ ထောင်သွားပို့မှ သိတာ။ အကြောင်းအရာကတော့ သစ်တောက အသိဆုံးပေါ့။ အကိုတို့ဆီက အမှုတည်ဆောက်ပြီးမှ သွားတာ မဟုတ်ဘူးလေ။ ပြန်ရောက်လာရင်တော့ တရားခံကိုတော့ ထိန်းသိမ်းထားပြီးတော့ မြို့နယ်တရားသူကြီးကို တင်ပြပါ့မယ်”လို့ ကျောက်တံခါး မြို့မရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးဇော်ထွန်းက ပြောပါတယ်။

ကျောက်တံခါး သစ်တောဦးစီးဌာနကို ဆက်သွယ်မေးမြန်းရာမှာတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သေသေချာချာ မသိရသေးဘဲ အမှု ဖမ်းဆီးချိန်ကလည်း တရားခံ ဖမ်းဆီးရမိခြင်း မရှိကာ နောက်မှသာ လာရောက်ပြီး သစ်ပိုင်ရှင်ဖြစ်ကြောင်း ထွက်ဆိုတဲ့အတွက် တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အစားထိုးတရားခံဆိုသူ ကိုဇော်မင်းသူမှာ ကျပန်းအလုပ် လုပ်ကိုင်သူဖြစ်ကာ ပြီးခဲ့တဲ့ ၅ ရက်ဝန်းကျင်လောက် တပင်ရွှေထီးရပ်ကွက်ရှိ ဦးညိုလေး အရက်ဆိုင်မှာ အရက်သောက်နေချိန် ပဲနွယ်ကုန်းမြို့ နတ်သံကွင်းကျေးရွာနေ ဇင်ယော်ထက်က ဇော်မင်းသူကို မင်း ထောင်နှစ်လကျဖို့ အငှားလိုက်မလားလို့ မေးမြန်းခဲ့ကြောင်း၊ အငှားလိုက်မယ်ဆိုရင် မင်းကို ငွေ ၁၀ သိန်းပေးမယ်လို့ ပြောခဲ့ပါတယ်။ ဇော်မင်းသူက မိသားစု အဆင်ပြေစေဖို့အတွက် အငှားလိုက်မယ်လို့ ပြောခဲ့ကာ အငှားလိုက်ခဲ့ပြီးနောက် တရားရုံးကို သွားရောက်ခဲ့တာကြောင့် မြို့နယ်တရားရုံးက သစ်တောအက်ဥပဒေနဲ့ ထောင်ဒဏ် နှစ်လ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ကျပ်ငွေ ၁၀ သိန်းနဲ့ တရားခံအဖြစ် အစားထိုး အငှားလိုက်ခဲ့တဲ့ အကျဉ်းကျတရားခံ ဇော်မင်းသူဟာ သစ်တောအက်ဥပဒေပုဒ်မ ၄၂(ခ) အရ ကျောက်တံခါးမြို့နယ်တရားရုံးက ထောင်ဒဏ်နှစ်လ အမိန့်ချမှတ်ခဲ့ပြီးနောက် ပဲနွယ်ကုန်းနယ်မြေရဲစခန်းက စက်တင်ဘာ ၆ ရက် မနက်ပိုင်းမှာ တောင်ငူထောင်ကို လာရောက်ပို့ဆောင်ခဲ့ရာမှ အကျဉ်းကျတရားခံ ကိုဇော်မင်းသူက ငွေကျပ် ၁၀ သိန်းနဲ့ လူစားလဲ အဖမ်းခံခဲ့တာ ဖြစ်ကြောင်း ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။

သတင်း -  ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013