DVB Logo
Home
မြန်မာသတင်း
မူဆယ်အနီး မိုင်းပေါက်ကွဲပြီး လူ ၁ ဦးသေဆုံး၊ မပေါက်ကွဲသေးသည့် မိုင်း ၃ လုံး ထပ်တွေ့
DVB
·
September 7, 2017
မူဆယ်အနီး မိုင်းပေါက်ကွဲပြီး လူ ၁ ဦးသေဆုံး၊ မပေါက်ကွဲသေးသည့် မိုင်း ၃ လုံး ထပ်တွေ့
Donate to DVB

 

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု မန်ကန်ကျေးရွာမှာ မနေ့မနက်ပိုင်းက  လက်လုပ်မိုင်းတလုံးပေါက်ကွဲပြီး ရွာသား ၁ ဦးသေဆုံးကာ နောက်ထပ် မပေါက်ကွဲသေးတဲ့ မိုင်း ၃ လုံးတွေ့ရှိခဲ့ပါတယ်။

မနေ့က စက်တင်ဘာ ၆ ရက် မနက် ၆ နာရီ ၁၅ မိနစ်လောက် မူဆယ်မြို့နဲ့  ၄ မိုင်ကျော်ဝေးတဲ့ မန့်ကန်ကျေးရွာမှာ  ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ မူဆယ်ရဲစခန်းမှူး ဒု-ရဲမှူးမြင့်အေးက ဒီဗွီဘီကို ပြောပါတယ်။  

“ကွဲတာက ၆ နာရီ ၁၅ လောက်မှာပါ။ သူက ရွာအ၀င်လမ်းဘေး အမှိုက်ပုံမှာဖြစ်ပါတယ်။ တပ်ကတော့ တိုက်မိုင်းလို့ ပြောတယ်။ သေဆုံးတာက နောင်လောင်းကျေးရွာနေ အိုက်ရီ။ သူက မန်ကန်ရွာက ဦးအိုက်ငိုရဲ့နာရေးကို သွားတဲ့အချိန်မှာ လုပ်ကူရင်း အမှိုက်ပုံမှာ အမှိုက်သွားပစ်ရင်း ဖြစ်တာ။ သူ့ကိုဆေးရုံပို့တဲ့အချိန် လမ်းမှာ ဆုံးတာဗျာ။”

သေဆုံးသွားသူဟာ အသက် ၄၅ နှစ်အရွယ်ရှိ ဒေသခံ ပလောင်တိုင်းရင်းသား ဦးအိုက်ရီ ဖြစ်ပြီး  ခြေထောက်နဲ့ လက်တွေမှာ ဒဏ်ရာတွေ အပြင်းအထန်ရရှိပြီး ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

မူဆယ်ရပ်မိရပ်ဖတဦးကလည်း ဖြစ်စဉ်နဲ့ပတ်သက်ပြီး မိုင်းပေါက်ကွဲတဲ့အပြင် နောက်ထပ် မပေါက်သေးတဲ့ ၃ လုံးကို ထပ်တွေ့တယ်လို့လည်း ပြောပါတယ်။

“ရွာထဲမှာပေါက်ကွဲမှုဖြစ်တော့ ရွာသားတွေက  သက်ဆိုင်ရာကို အကြောင်းကြားတဲ့အခါ ခဏကြာတော့ အစိုးရတပ် တပ်မ ၈၈ က မူဆယ်ဘက်ကနေ ရောက်လာတယ်။  သူတို့နဲ့အတူ စိန်ကျော့ ပြည်သူ့စစ်တွေလည်းပါတယ်။ လာပြီး မိုင်းစတွေ ရှင်းတဲ့အခါ အဲဒီနားတ၀ိုက်မှာ နောက်ထပ် မပေါက်ကွဲသေးတဲ့ မိုင်း ၃ လုံး ထပ်တွေ့တယ်။  လက်လုပ်မိုင်းတွေလို့ပြောတယ်။”

ရွာနားမှာ အခုလို မိုင်းတွေ့ရှိတဲ့အတွက် ဒေသခံတွေကြား သွားရေးလာရေး မလုံခြုံသလို ခံစားနေရပြီး ရွှေလီရေအားလျှပ်စစ်စက်ရုံက မွမ်းမံပြုပြင်ရေးတွေလုပ်ပြီး လျှပ်စစ်မီး ၄ ရက်ကြာ ဖြတ်ထားတာကြောင့် ညအမှောင်မှာ လက်နက်ကိုင်အဖွဲ့တွေ အခွင့်ကောင်းယူပြီး တိုက်ခိုက်မှုတွေ လုပ်မှာလည်း စိုးရိမ်တယ်လို့ မူဆယ်ဒေသခံက ပြောပါတယ်။

ဒီပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ဘယ်သူ့လက်ချက်လည်းဆိုတာ အတိအကျ မသိရသေးပေမယ့် မူဆယ်ရဲစခန်းက ပ ၃၅၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ ဒု-ရဲမှူး မြင့်အေးက ပြောပါတယ်။

အဆိုပါ မန့်ကန်ကျေးရွာမှာအိမ်ခြေ ၁၀၀ လောက်ရှိပြီး ပလောင်၊ ကချင်နဲ့ ရှမ်းလူမျိုးတွေနေ ထိုင်သလို အဲဒီဒေသမှာ လက်နက်ကိုင်အဖွဲ့တွေ ၀င်ထွက်သွားလာနေတဲ့နေရာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013