DVB Logo
Home
မြန်မာသတင်း
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသားများအတွက် အခမဲ့ဗီဇာပေးအပ်မည်
DVB
·
September 7, 2017
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသားများအတွက် အခမဲ့ဗီဇာပေးအပ်မည်
1 / 2
Donate to DVB

 

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသားတွေအတွက် အခမဲ့ဗီဇာပေးဖို့နဲ့  အိန္ဒိယ အကျဉ်းထောင်တွေ မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား အယောက် ၄၀ ကို လွှတ်ပေးဖို့ရှိနေတယ်လို့ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ်နာရန်ဒရာမိုဒီကပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ အိန္ဒိယ ၀န်ကြီးချုပ် မိုဒီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံပြီးနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာလို့  နိုင်ငံတော် အတိုင် ပင်ခံရုံးက  ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ရွေးကောက်ပွဲကော်မရှင်နဲ့ သတင်းမီဒီယာ ကောင်စီတွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးမှာ ပူးပေါင်းဆောင်ရွက်ရေး၊ လုံခြုံရေးအတွက် မြေပြင်နဲ့ ပင်လယ်ရေကြောင်း နယ်နိမိတ်ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ ကုလားတန်စီမံကိန်း၊ စစ်တွေဆိပ်ကမ်းနဲ့ ပလက်ဝ ဆိပ်ခံတံတားကိစ္စတွေအပြင် ပညာရေး၊ ကျန်းမာရေးနဲ့ သုတေသန ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့လည်း အိန္ဒိယ ၀န်ကြီးချုပ်မိုဒီကပြောသွားတယ်လို့ဆိုပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်လို့ အိန္ဒိယနိုင်ငံရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်အပေါ် ကျေးဇူးတင်တဲ့အကြောင်း နှစ်နိုင်ငံအကြား နယ်ပယ်များစွာမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ခင်ရင်းနှီးမှု ပိုမိုခိုင်မာအားကောင်း လာအောင် လုပ်ဆောင်ဖို့ကိစ္စတွေ ရှင်းလင်းပြောကြားခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အိန္ဒိယ ၀န်ကြီးချုပ်တို့ တွေ့ဆုံရာမှာတော့ မြန်မာ - အိန္ဒိယနှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေး၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးနဲ့ နှစ်နိုင်ငံခရီးသွား လုပ်ငန်းကိစ္စတွေအပြင် ရခိုင်ပြည်နယ် မောင်တော ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စတွေ၊ မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ်မှန်တွေကို  နိုင်ငံတကာသို့ အသိပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ အကြမ်းဖက်မှုဖြစ်စဉ်မှာ မီဒီယာတွေပါဝင်ပတ်သက်မှုဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံပွဲအပြီး နှစ်နိုင်ငံအကြား ကျန်းမာရေး၊ ယဉ်ကျေးမှု၊ စွမ်းရည်မြှင့်တင်ရေး၊ ပင်လယ်ရေကြောင်း လုံခြုံရေးနဲ့ အဓိကကျတဲ့ အဖွဲ့အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူညီချက်၊ နားလည်စာချွန်လွှာတွေကို လက်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ကြပါတယ်။

မြန်မာနိုင်ငံသားတွေအတွက် e-visa ကလွဲပြီး ကျန်ဗီဇာအမျိုးအစားအားလုံးကို ဗီဇာကြေး ကင်းလွတ်ခွင့်ပေးဖို့ အိန္ဒိယအစိုးရက ဆုံးဖြတ်ခဲ့တာကို မြန်မာနိုင်ငံကကျေးဇူးတင်တဲ့အကြောင်း နှစ်နိုင်ငံ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

အိန္ဒိယ ၀န်ကြီးချုပ် မိုဒီဟာ မြန်မာသမ္မတရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို စက်တင်ဘာ ၅ ရက်ကနေ ၇ ရက်နေ့အထိ တရားဝင်ချစ်ကြည်ရေးခရီးလာရောက်နေတာဖြစ်ပါတယ်။

ခရီးစဉ်အတွင်း  နေပြည်တော်အပြင် ပုဂံနဲ့ ရန်ကုန်ရှိ သမိုင်းဝင် ယဉ်ကျေးမှုဆိုင်ရာ အထင်ကရနေရာတွေကိုလည်း သွားရောက်ဖို့ရှိပါတယ်။

ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013