DVB Logo
Home
မြန်မာသတင်း
အီးတူထ ဒုက္ခသည်စခန်းကို ဆက်လက်အကူအညီပေးရန်တောင်းဆို
DVB
·
September 7, 2017
အီးတူထ ဒုက္ခသည်စခန်းကို ဆက်လက်အကူအညီပေးရန်တောင်းဆို
Donate to DVB

အီးတူထ စစ်ရှောင်ဒုက္ခသည်စခန်းကို အခုစက်တင်ဘာလကုန်မှာ စားနပ်ရိက္ခာ ကူညီထောက်ပံမှုတွေ လုံးဝဖြတ်တောက်မှာဖြစ်လို့ ဆက်လက်ကူညီပေးဖို့ အီးတူထ အိုင်ဒီပီ ထောက်ပံ့ရေးကော်မီတီက နိုင်ငံတကာအဖွဲ့အစည်းတွေကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်း နိုင်ငံရေးအာမခံချက်နဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမရရှိသေးတဲ့အချိန်မှာ အီးတူထစခန်းကို ဆက်လက်ပံ့ပိုးပေးဖို့ စက်တင်ဘာ ၄ ရက်ကထုတ်ပြန်တောင်းဆိုထားတာပါ။

ကျပ်တည်းတဲ့ အခြေအနေမှာ ရောက်ရှိနေတာကြောင့် အကူအညီမရဘဲ ရှေ့ဆက်လို့ မရနိုင်ကြောင်း အီးတူးထစခန်းမှ အိုင်ဒီပီတွေကို  တတ်နိုင်တဲ့နည်းနဲ့ ဆက်လက်ထောက်ပံ့ဖို့ တောင်းဆိုတဲ့အကြောင်းနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး တည်ငြိမ်မှုတွေရှိချိန်မှာ အိုင်ဒီပီတွေနဲ့ ကလေးငယ်တွေ နေရပ်ပြန်နိုင်ဖို့ ဘဝအာမခံချက် ရရှိဖို့အတွက် ထောက်ပံ့မှုတွေဟာ အလွန်ပင်အရေးကြီးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် လက်ရှိ ဖြစ်ပေါ်တိုးတက်နေတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့  ငြိမ်းချမ်းရေးဖြစ်စဉ်တွေအရ  ခိုင်မာတဲ့ ပြောင်းလဲမှု တစုံတရာ မရှိသေးတဲ့အပြင် အိုင်ဒီပီတွေရဲ့ နေရပ်ဒေသတွေမှာ အစိုးရတပ်စခန်းတွေ ရှိနေသေးတဲ့အပေါ် ဒုက္ခသည်တွေအတွက် ဘဝလုံခြုံမှုနဲ့ အာမခံချက် မရှိသေးလူးလို့လည်း စာမှာ ဖော်ပြထားပါတယ်။

ဒုက္ခသည်တချို့ နေရပ်ပြန်လည်နေထိုင်ဖို့ ပြင်ဆင်မှု ရှိနေပေမယ့် အများစုကတော့ ပြန်စရာနေရာ မရှိတဲ့အတွက် နယ်စပ် အိုင်ဒီပီစခန်းမှာသာ ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ကြ တယ်လို့  ဒုက္ခသည်တဦးဖြစ်တဲ့  နောက်သဲနေက ပြောပါတယ်။

“ကျမတို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ပြန်ရင်လည်း ခက်ခဲမှာပဲ။ ဒီမှာနေလည်း ခက်ခဲမှာပဲ ဒါပေမယ့် ဒီမှာနေရင် ကျမတို့အသက်အတွက် စိုးရိမ်ကြောက်လန့်မှုတွေအတွက် နည်းနည်း သက်သာမယ်။ ဒီနယ်စပ်မှာပဲ ရှာဖွေလုပ်ကိုင်စားသောက်ရင် ဟိုကိုပြန်တာထက်စာရင် ပိုပြီးလုံခြုံမယ်လို့ ထင်တဲ့အတွက် မပြန်ဖို့ ဆုံးဖြတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ပြည်တွင်းပြန်ရင် ကျမတို့ ရှိနေတဲ့ စိုးရိမ်မှုတွေက မပျောက်သေးဘူး။ ကြောက်နေရတုန်းပဲ ဆိုတော့ ပြန်သည်ဖြစ်စေ နေသည် ဖြစ်စေဘာမှ ထူးခြားလာမှာမဟုတ်ဘူး။ ဒီမှာပဲ ဆက်နေရင် ကျမတို့က တခုခုဖြစ်ရင် ထပ်ပြီး ပြေးစရာမလိုတော့ဘူးပေါ့။ ”

နေရပ်မပြန်နိုင်သေးချိန် ခုလကုန်ပိုင်းကျရင် နိုင်ငံတကာ အထောက်အပံ့အကူအညီတွေ ရပ်တန့်တော့မှာဖြစ်လို့ ဒုက္ခသည်တွေအနေနဲ့ အသက်ရှင်သန်ရပ်တည်ရေးအတွက် အဓိက အခြေခံအစားအသောက်တွေရရှိဖို့ အတွက် ကြီးမားတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင်းမှာ တည်ရှိနေတဲ့ အီးတူထ အိုင်ဒီပီ ဒုက္ခသည်စခန်းဟာ အစိုးရတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံးအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ၂၀၀၆ ခုနှစ်က စတင်တည်ရှိလာတာဖြစ်ပြီး လတ်တလောမှာတော့ လူပေါင်း ၃၀၀၀ ခန့်  ခိုလှုံနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013