DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းမီဒီယာဖွံ့ဖြိုးရေး ပြည်ပမီဒီယာတွေရဲ့ အခန်းကဏ္ဍ အရေးပါဟုဆို
DVB
·
March 19, 2012
ပြည်တွင်းမီဒီယာဖွံ့ဖြိုးရေး ပြည်ပမီဒီယာတွေရဲ့ အခန်းကဏ္ဍ အရေးပါဟုဆို
1 / 2
Donate to DVB

မြန်မာပြည်တွင်း မီဒီယာ ဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေးမှာ ပြည်ပ မီဒီယာတွေရဲ့ အခန်း ကဏ္ဍဟာလည်း အစိတ်အပိုင်း တခု အဖြစ် ပါဝင်နေတယ်လို့ ပြန်ကြားရေး ၀န်ကြီး ဌာနက ပြောကြား လိုက်ပါတယ်။

[caption id="attachment_22756" align="alignleft" width="300" caption="Conference on Media Development in Myanmar (Photos: DVB & Naw Say)"][/caption]

ဒီနေ့ ရန်ကုန်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ မီဒီယာ ဖွံ့ဖြိုးရေး ညီလာခံ မှာ   ပြန်ကြားရေး ၀န်ကြီးဌာန ပြန်ကြားရေးနဲ့ ပြည် သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ချုပ် ဦးရဲထွဋ်က ပြောကြား လိုက်တာ ဖြစ်ပါတယ်။

မတ် ၁၉ ရက်ကနေ ၂၂ ရက်ထိ  ၄ ရက်ကြာ ကျင်းပတဲ့ မြန်မာ မီဒီယာ ဖွံ့ဖြိုးရေး ညီလာခံကို ကုလသမဂ္ဂ ပညာရေး သိပ္ပံနဲ့​ ယဉ်ကျေးမှုအဖွဲ့ ယူနက်စကို (UNESCO)၊ ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ နိုင်ငံတကာ မီဒီယာ ထောက်ပံ့ရေး အဖွဲ့ (IMS) ကနေ ကြီးမှူး ကျင်းပနေတာ ဖြစ်ပါတယ်။

ညီလာခံအဖွင့်ကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း တတ်ရောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ မီဒီယာ ပြုပြင်ပြောင်းလဲရေးကို အစိုးရအနေနဲ့  လုပ်ဆောင်မယ်လို့ ပြောကြား ခဲ့ပါတယ်။

ညီလာခံမှာ   ပြည်တွင်းပြည်ပ သတင်းသမားတွေနဲ့ အတူ ပါဝင် တက်ရောက် နေတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ)  ချင်းမိုင်ဗျူရို အကြီး အကဲ ဦးတိုးဇော်လတ်ကို ဒီ ဆွေးနွေးပွဲ အကြောင်း ဆက်သွယ် မေးမြန်းထားပါတယ်။

ဒီပွဲကျင်းပဖြစ်တဲ့အကြောင်းနဲ့  ဘယ်သူတွေ တက်ရောက်ပြီး ဘာတွေဆွေနွေး လဲ။ ပြည့်ပြည့်စုံစုံ ပြောပြပေးပါလား။

“အဓိကကတော့ ယူနက်စကို၊ ပြန်ကြားရေး ၀န်ကြီးဌာနရယ်၊ နိုင်ငံတကာ မီဒီယာ ထောက်ပံ့ရေး အဖွဲ့ (IMS) တို့ မီဒီယာဖွံဖြိုးတိုးတက်ရေးအတွက် ပေါင်းပြီး လုပ်တာပေါ့။ ဒီ မနက်က ပြန်ကြားရေးဝန်ကြီး ဦးကျော် ဆန်းက အဖွင့် အမှာ စကား ပြောသွားတယ်။ ပြီးတော့ ယူနက်စကိုက စကားပြောတယ်။ အာဆီယံမှာရှိတဲ့ မီဒီယာတွေရဲ့ အဆင့်အတန်းကို ထိုင်း သတင်းစာဆရာ က၀ီတို့ ဘာတို့ ကပြောတယ်။

အဓိက က မနေ့ကလည်း ပြန်ကြားရေးဝန်ကြီး ပြောတာက အခုလာမယ့် မီဒီယာ၊ ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲနေတဲ့ မီဒီယာဥပဒေကို အထောက်အကူ ပြုမယ်လို့လည်းပြောနေတယ်။ အဓိက ဘာရည်ရွယ်ချက်နဲ့ ဒီလိုပွဲကို လုပ်ရတာလဲ။

“မနက်ကတော့ အဆင့် ၃ ဆင့်နဲ့ ပြုပြင်ပြောင်းလဲမှုကို လုပ်သွားမယ် လို့တော့ ပြောပါတယ်။ အဆင့် ၃ ဆင့်မှာ မီဒီယာ ဥပဒေကို မူကြမ်းရေးဆွဲတာ လုပ်ဖို့ လည်း ပါတယ်။ နောက်တခုကလည်း သူ့မိန့်ခွန်းထဲမှာတော့ တချို့ကို နိုင်ငံတော်ကနေ ပံ့ပိုးပေးမယ် မီဒီယာ ဖွံ့ဖြိုးတိုးတက်မှုကိုပေါ့။ အဲဒါက နည်းနည်း အပြုသဘော ဆောင် ပါတယ်။ အဲဒါနဲ့ တပြိုင်တည်းမှာပဲ တချို့ လူ့ဘောင်အဖွဲ့အစည်းကို အန္တရာယ် ဖြစ်စေနိုင်တာကို လည်း ကာကွယ် ပေးရမယ် ဆိုတဲ့ ပုံစံမျိုး ပြောတယ်။ အခု လက်ရှိကတော့ အချိန်တခုမှာ ဒီဟာကို ပြုပြင် ပြောင်းလဲမှု လုပ်သလို တခုမှာလည်း မသေချာ သေးတဲ့ အခြေအနေတွေ ရှိပါတယ်။ ဒီလို ပြုပြင်ပြောင်းလဲမှုမှာ မလိုလား အပ်တဲ့ မြန်မာလူမှု အဖွဲ့အစည်းကို အန္တရာယ် ကျရောက် နိုင်တာတွေကို အကာအကွယ်ပေးရမယ် ဆိုတဲ့ ခံယူချက်လည်း ရှိတာကို တွေ့ရပါတယ်။ ဒါပေမယ့် အစိုးရအနေနဲ့ ပြုပြင် ပြောင်းလဲမှုကို facilitate ပံ့ပိုးဆောင်ရွက် ပေးပါမယ်၊ ဆိုတာတော့ အပြုသဘော ဆောင်ပြီး ပြောသွားတာ တွေ့ရပါတယ်။”

ပြည်ပမီဒီယာတွေကိုကော အာမခံချက်ပေးတာမျိုးတွေ၊ ဘာတွေပြောတာမျိုး ရှိလဲ။

“အာမခံချက် ဆိုတာထက် တိုးတက်မှုအနေနဲ့ ဥပမာ - က၀ီ ဆိုရင် လွန်ခဲ့တဲ့ အနှစ် ၂၀ က နာမည် ပျက်စာရင်း (blacklist) လုပ်ထားတယ်။ အခု ဒီကို ရောက်လာတယ်။ အဲဒီလိုပဲ အရင် ပြည်ပ မီဒီယာတချို့ ဧရာဝတီ၊ မဇ္ဈိမ၊ အာအက်ဖ်အေ၊ အရင်တုန်းက ဆိုရင် ပြည်ပမီဒီယာတွေက၊ အခု လုပ်ငန်းစဉ်တွေ မှာ ပါတနာ အနေနဲ့ ပါလာတာကို တိုးတက်မှု အနေနဲ့ ပြောသွားတယ်။”

ဝန်ကြီး ကိုယ်တိုင် ထုတ်ဖော် ပြောကြားသွားတဲ့ သဘောလား။

“၀န်ကြီးကတော့ သူ့မိန့်ခွန်းထဲမှာ ပြောသွားတာ မဟုတ်ဘူး။ ညွှန်ချုပ် ဦးရဲထွဋ်က ပြောတဲ့ အထဲမှာ ဒီပါတနာကိစ္စကို ပြောသွားတယ်။ အခုချိန်မှာတော့ ဘာပဲပြောပြော လုပ်ဖော်ကိုင်ဘက် တခု အနေနဲ့ ဒီလုပ်ငန်းစဉ်ထဲ ပါနေတယ်လို့ ပြောပါတယ်။ ဒီဟာရဲ့ အခန်း ကဏ္ဍကတော့ အစဆိုတော့ ရှင်းရှင်းလင်းလင်း တော့ မသိသေးဘူး။ ဒါပေမယ့် ပြည်ပမီဒီယာတွေ အခန်းကဏ္ဍကလည်း အခု မီဒီယာ ပြုပြင်ပြောင်းလဲမှုမှာ အစိတ်အပိုင်း တခုအနေနဲ့ ပါနေတယ်လို့တော့ ထည့်သွင်းပြောသွားပါတယ်။ ၀န်ကြီးပြောတာ မဟုတ်ဘူး။ ဦးရဲထွဋ်က ဒီမနက်မှာ ပြောသွားတာပါ။”

ပြည်တွင်းက မီဒီယာတွေကော ဒီညီလာခံမှာ အကုန်ပါလား။

“ပြည်တွင်းက မီဒီယာ အကုန် ဆိုတာထက်တော့ ပါသင့်သလောက် ပါတယ်။ ဆရာဖေမြင့်၊ ဆရာမောင်ဝံသ၊ ကိုကို(စက်မှုတက္ကသိုလ်)နဲ့ ဆရာသီဟစောတို့ အပါအ၀င် တော်တော် များများ တွေ့ရပါတယ်။ ကျနော် ထင်ပါတယ် မီဒီယာ ဖွံ့ဖြိုးမှုပေါ့၊ အဲဒီ့အတွက် နည်းလမ်းတွေက မျိုးစုံရှိတယ်။ ချဉ်းကပ်တဲ့ နည်းလမ်းတွေ က အများကြီး ရှိတယ်။ အဓိက တခုက ownershipနဲ့ exclusive၊ inclusive ပေါ့။ ဒီ လုပ်ငန်း စဉ်ထဲမှာ ဘယ်သူတွေ ပါတယ်။ ဘယ်သူတွေ မပါဘူး ဆိုတာ အရေးကြီးတော့ အတတ်နိုင်ဆုံးတော့ ပါအောင်လုပ်ပါတယ်။

ဒီပွဲနဲ့ပတ်သက်ပြီး တခြား ဘာများထူးခြားတာ ပြောချင်တာရှိလဲ။

“ထူးထူးခြားခြား ပြောချင်တာတော့ ခုနက ပြောသလိုပဲ၊ ၀န်ကြီး ကိုယ်တိုင်ကိုက   ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လုပ်နေတယ်။ လုပ်ငန်းစဉ်တွေ ရှိတယ်။ အဲဒီလိုပဲ ယူနက်စကိုကလည်း ယူနက်စကိုရဲ့ လမ်းညွှန်ချက် တချို့ ပြောသွားတယ်။ ဥပမာ - မီဒီယာ လွတ်လပ်မှု ဖြစ်ရမယ်။  တိုင်းပြည်တခုမှာ လွတ်လပ်တဲ့ သတင်း မီဒီယာမျိုးရှိရမယ်။ ယူနက်စကို အနေနဲ့လည်း အစိုးရ ကိုယ်တိုင်က မီဒီယာဖွံ့ဖြိုးမှုကို ကူညီမယ် ဆိုရင် ပိုပြီးတော့ အလားအလာ ကောင်းမယ် ဆိုတာမျိုးကို ၀န်ကြီး စကားနဲ့ပဲ ပြန်ပြီးတော့ အထောက်အကူ ဖြစ် အောင် ပြောသွားတာ တွေ့ရတယ်။ ဒါ ဒီမနက် အခင်းအကျင်းပေါ့။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013