မြန်မာသမ္မတနှင့် အိန္ဒိယဝန်ကြီးချုပ်တို့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆွေးနွေး
မြန်မာသမ္မတ ဦးထင်ကျော်ဟာ ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကို နေပြည်တော်မှာ လက်ခံတွေ့ဆုံပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မနေ့ညနေပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်မှာ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
တွေ့ဆုံဆွေးနွေးရာမှာ နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေ အောင်မြင်ထိရောက်အောင် အကောင်အထည်ဖော်ရေး ၊ အပြည်ပြည်ဆိုင်ရာ မျက်နှာစာမှာ အပြန်အလှန် အားပေးကူညီရေး၊ အကြမ်းဖက်မှုတိုက်ချက်ရေးကိစ္စတွေနဲ့ စပ်လျဉ်းပြီး အမြင်ချင်း ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် မိုဒီ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ညပိုင်းမှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ဇနီး ဒေါ်စုစုလွင်တို့က သမ္မတအိမ်တော်မှာ ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့ပါတယ်။
ညစာစားပွဲမှာ သမ္မတ ဦးထင်ကျော်က အိန္ဒိယနိုင်ငံရဲ့ အရှေ့နဲ့ လက်တွဲ ဆောင်ရွက်ရေးမူဝါဒ အိမ်နီးချင်းနိုင်ငံသာ ပထမမူဝါဒတွေကို လေးစား ဂုဏ်ယူပါကြောင်း၊ ဒီမူဝါဒဟာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုရှိတဲ့ ဆက်ဆံရေး ခိုင်မာစေရန်သာမက အာဆီယံ-အိန္ဒိယ ဆွေးနွေးဘက် ဆက်ဆံရေးမှာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေကြောင်းနဲ့ နှစ်နိုင်ငံအနေနဲ့ ဒေသတွင်းနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးတို့မှာ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကလည်း နှစ်နိုင်ငံအကြား အခြေခံအဆောက်အအုံ၊ ဆက်သွယ်ရေး၊ ကျန်းမာရေးနဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်တွေ ပိုမိုပူးပေါင်းဆောင်ရွက်သွားမယ်၊ မြန်မာနိုင်ငံရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖိုးတိုးတက်ရန်အတွက် ကူညီ ဆောင်ရွက်သွားမယ့်အပြင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ကြိုးပမ်း ဆောင်ရွက်မှုတွေကိုလည်း ဂုဏ်ယူ ဝမ်းမြောက်မိတယ်လို့ ညစာစားပွဲမှာ ပြောပါတယ်။
ညစာစားပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ စက်တင်ဘာလ ၆ ရက်နေ့မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်သွားဖို့ရှိပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ သဘောတူညီမှုတွေ လက်မှတ်ရေးထိုးတာတွေလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။
သတင်း-ဓာတ်ပုံ အောင်ကိုကိုလတ်(နေပြည်တော်)၊ နေဖြိုးဝင်း











