DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် တူရကီသမ္မတတို့ ရခိုင်ပြည်နယ်အရေး တယ်လီဖုန်းဖြင့် ဆွေးနွေး
DVB
·
September 6, 2017
ဒေါ်အောင်ဆန်းစုကြည်နှင့် တူရကီသမ္မတတို့ ရခိုင်ပြည်နယ်အရေး တယ်လီဖုန်းဖြင့် ဆွေးနွေး
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  တူရကီသမ္မတ တေယစ်ပ် အာဒိုဂန်တို့  ရခိုင်ပြည်နယ်အရေးကိစ္စတွေနဲ့ ပတ်သက်လို့ မနေ့မွန်းလွဲပိုင်းက တယ်လီဖုန်းနဲ့ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။

ဆွေးနွေးရာမှာ တူရကီသမ္မတက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မကြာသေးခင်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ စပ်လျဉ်းပြီး တယ်လီဖုန်းခေါ်ဆိုရတာ ဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာ စိန်ခေါ်မှုအများအပြားကို ကျော်ဖြတ်ပြီး လူ့အခွင့်အရေး အပြောင်းအလဲတွေ ဆောင်ရွက်ခဲ့တဲ့ ခေါင်းဆောင်တဦးအနေနဲ့ ရခိုင်အရေးကိစ္စကို အမြော်အမြင်နဲ့ ချဉ်းကပ်ဆောင်ရွက်မယ်လို့ ယုံကြည်ကြောင်း၊ ကမ္ဘာတဝန်းမှာ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေကြောင်း၊ မကြာသေးခင်က ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး စဉ်းစားသုံးသပ် ဆောင်ရွက်မှာကို သံသယမရှိပါကြောင်း၊ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေ၊ လူအများ ဖြန့်ဝေနေတဲ့ ရုပ်ပုံတွေကြောင့် ကမ္ဘာတဝန်းက စိုးရိမ်ပူပန်မှုကြီးစွာ ဖြစ်လာခဲ့ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တူရကီသမ္မတကို ပြန်လည်ပြောကြားရာမှာ သတင်းအချက်အလက် အမှားတွေ ဖန်တီးခြင်းကြောင့် နှစ်နိုင်ငံအကြား ကာလရှည်ကြာ ရင်းနှီးချစ်ကြည်တဲ့ မိတ်ဆွေကောင်းဆက်ဆံရေး ထိခိုက်လာမှာကို စိုးရိမ်ကြောင်း၊ တူရကီ ဒု-ဝန်ကြီးချုပ်အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တာမဟုတ်ဘဲ အခြားနိုင်ငံတွေက သတင်းဓာတ်ပုံအမှားတွေကို ဖြန့်ဝေခဲ့တာ သိပြီးဖြစ်မယ်လို့ ယူဆကြောင်း၊ တူရကီဒု-ဝန်ကြီးချုပ် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ဟာ သတင်းအမှားတွေ ထုနဲ့ထည်နဲ့ ပျံ့နှံ့နေခြင်းအတွက် ကြီးမားတဲ့ ပြဿနာရဲ့ မြင်သာတဲ့ အစိတ်အပိုင်းတခုသာ ဖြစ်ကြောင်း၊ အဲဒီလို သတင်းဓာတ်ပုံ အမှားတွေကို မတူညီတဲ့ အသိုင်းအဝိုင်းအကြား ပြဿနာအများအပြား ဖြစ်စေဖို့နဲ့ အကြမ်းဖက်သမားတွေ အကျိုးဖြစ်ထွန်းစေဖို့ ရည်ရွယ်ချက်နဲ့ ဖန်တီးနေကြတာကို မှန်းဆကြည့်နိုင်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင်  တူရကီနိုင်ငံအနေဖြင့် ပီကေကေ (the Kurdistan Workers' Party) ကို နှိမ်နင်းခဲ့ရတာကြောင့် အကြမ်းဖက်ဝါဒရဲ့ စိန်ခေါ်မှုတွေကို ကောင်းစွာ နားလည်မယ်လို့ ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ အကြမ်းဖက်သမားတွေကို ရင်ဆိုင်ရတာဟာ အတွေ့အကြုံအသစ် ဖြစ်ပေမယ့် ယင်းအကြမ်းဖက်ဝါဒ ပိုမိုကျယ်ပြန့်မလာစေဖို့နဲ့ ရခိုင်ပြည်နယ် တပြည်နယ်လုံးကို ပျံ့နှံ့မသွားနိုင်စေဖို့ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ အကြမ်းဖက်ဝါဒ မြန်မာနိုင်ငံမှာ အမြစ်မတွယ်စေရေးအတွက် ကမ္ဘာတဝန်းမှ မိတ်ဆွေတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တူရကီသမ္မတ မစ္စတာအာဒိုဂန်က မြန်မာအစိုးရ တွေ့ကြုံရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကို သိရှိတဲ့အကြောင်းနဲ့ ပြဿနာဖြေရှင်းနိုင်ရေးအတွက် ကူညီပံ့ပိုးဖို့ တူရကီနိုင်ငံအနေနဲ့ အသင့်ရှိပါကြောင်း၊ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းကို ဆက်လက် ထိန်းသိမ်းထားမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ အစိုးရ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013