DVB Logo
Home
မြန်မာသတင်း
မောင်တော၌ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည့် ဟိန္ဒူဘာသာဝင် ၂၅၀ ကျော် အကူအညီလိုအပ်
DVB
·
September 5, 2017
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့နေရာကနေ အသက်ရှင် ထွက်ပြေးလွတ်မြောက်လာသူ ဟိန္ဒူဘာသာဝင် ၂၅၀ ကျော် အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။

အမည်းရောင်ဝတ်စုံဝတ် ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့က မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ်၊ ရဲဘော်ကျ၊ သစ်တုံးနားခွဆုံ စတဲ့ ကျေးရွာတွေကို သြဂုတ် ၂၅၊ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ ပိတ်ဆို့ပြီး ရွာလုံးကျွတ် ဖမ်းဆီးချိန် လွတ်မြောက်ကျန်ခဲ့သူတွေနဲ့ မောင်တော၊ ဘူးသီးတောင်မြို့နယ်တွေမှာ တိုက်ခိုက် ခြိမ်းခြောက်ခံခဲ့ရတဲ့ ကျေးရွာတွေက ဟိန္ဒူမိသားစုတွေဟာ ဘူးသီးတောင်မြို့ပေါ်မှာ လာရောက် ခိုလှုံနေကြတာပါ။

ခမောင်းဆိပ်ကျေးရွာမှာ အသက်ရှင်ကျန်ရစ်သူ ကိုယ်ဝန် ၉ လလွယ်ထားရတဲ့ အသက် ၂၀ အရွယ် ရှာရာရှတီက “ကျမ ယောက္ခမနဲ့ မိသားစုအားလုံး ၂၉ ယောက်ပါသွားတယ်။ အသက်ရှင်ကျန်သူ မရှိတော့ပါဘူး။ သူတို့ ကြိုးနဲ့တုပ်ပြီး ခေါ်သွားတယ်။ ကျမတို့ လင်မယားက ခမောင်းဆိပ်မှာ ဆံပင်ညှပ်ဆိုင်သွားဖွင့်နေလို့ ကျန်ခဲ့တာပါ။ တရွာလုံး ပါသွားတယ်။ ရဲဘော်ကျ၊ ခမောင်းဆိပ်တောင်ရွာ၊ နှစ်ရွာပေါင်း လူ ၁၃၀ လောက်ကို သူတို့ ဖမ်းသွားတယ်"လို့ ပြောပါတယ်။

ရှာရာရှာတီတို့ လင်မယားကိုတော့ တပ်မတော်ရဟတ်ယာဉ်နဲ့ တပ်မတော်က ကယ်ထုတ်လာခဲ့တဲ့အတွက် ဘူးသီးတောင်မြို့ပေါ်ကို ရောက်ရှိလာခဲ့ပြီး လူအချို့က ရဲစခန်းထဲမှာ ခိုလှုံကျန်ခဲ့ပါတယ်။

သူတို့တွေကို ဘူးသီးတောင် မြို့မရပ်ကွက်ထဲက ဟိန္ဒူနေအိမ်တွေမှာ နေထိုင်နိုင်ဖို့ ကူညီပေးထားရပြီး စားသောက်ရေးကိုတော့ မြို့မရပ်ကွယ် စန္ဒီမယ်တော် ဘုရားကျောင်းမှာ ချက်ပြုတ် ကျွေးမွေးထားရတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

ဆင်းရဲသားရပ်ကွက်ဖြစ်တဲ့အပြင် ဘုရားကျောင်းမှာလည်း နေရာကျဉ်းတဲ့အတွက် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်နိုင်မှာ မဟုတ်ဘူး လို့လည်း သိရပါတယ်။

ထွက်ပြေးလာသူတွေကို ကူညီဆောင်ရွက်ပေးနေသူ နီလားလ်က "ဆရာ ဒေါက်တာ အေးချမ်းဆီက ဆန်အိတ် ၂၀ လှူတယ်။ အခု ၁၈ အိတ်ကျန်တယ်။ နောက်ဘူးသီးတောင် အရေးပေါ်ကူညီထောက်ပံ့ရေး ကော်မတီက ဆန်အိတ် ၂၀ ညနေပိုင်းမှာ လှူမယ်လို့ပြောတယ်။ ကြက်ခြေနီက တာပေါ်လင် မိုးကာစကြီးလေးခုနဲ့ ထမင်းစားပန်းကန်ပြား လှူထားတယ်။ နောက်ထပ် စားနပ်ရိက္ခာတွေ လိုမှာပါ။ ဒီ ဟိန္ဒူရပ်ကွက်ကလည်း ဆင်းရဲသားရပ်ကွက်ပါပဲ။" လို့ ရှင်းပြပါတယ်။

ဘူးသီးတောင်နဲ့ မြို့ပေါ်မှာ ကယ်ဆယ်ရေး စခန်း ၉ ခုအထိ ရှိနေပြီး စက်တင်ဘာ ၅ ရက်နေ့ မနက်ပိုင်းအထိ ရောက်လာနေသူတွေ ရှိနေဆဲဖြစ်သလို ခိုလှုံသူ လူဦးရေ သုံးထောင်ခန့် ရှိနေပြီလို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

အစိုးရရဲ့ သတင်းထုတ်ပြန်ချက်အရ သြဂုတ် ၂၅ ရက်က ၃၁ ရက်ထိ နေရပ်က စွန့်ခွာလာသူ ဦးရေ ၁၂၀၀၀ နီးပါးရှိနေပြီး သူတို့ကို မောင်တော၊ ဘူးသီးတောင်မှာရှိတဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေနဲ့ တပ်ရင်းဌာနချုပ်တွေအပြင် ကျေးရွာ ၃၃ ရွာမှာ နေရာချထားပေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013