DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ ဆမွတ်ပရကန်၌ မြန်မာဇနီးမောင်နှံ ၂ ဦး ကြိုးတုတ်၍ ရေထဲပစ်ချခံရ
DVB
·
September 5, 2017
ထိုင်းနိုင်ငံ ဆမွတ်ပရကန်၌ မြန်မာဇနီးမောင်နှံ ၂ ဦး ကြိုးတုတ်၍ ရေထဲပစ်ချခံရ
Donate to DVB

 

ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ပရကန်ခရိုင် ဘန်ဖရီမြို့နယ်ထဲမှာ စက်တင်ဘာ ၁ ရက်ညက မြန်မာအလုပ်သမား ဇနီးမောင်နှံ ၂ ဦးကို လူ ၅ ဦးက ကြိုးတုတ်ဖမ်းဆီး ခေါ်ဆောင်ပြီး ရိုက်နှက်ထိုးသတ်ကာ ရေထဲပစ်ချခဲ့တယ်လို့  အေအေစီ မြန်မာအလုပ်သမား ကူညီရေး အဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ ဇနီးမောင်နှံမှာ ပဲခူးတိုင်း သနပ်ပင်မြို့နယ် ကသည်းကုန်းရွာနေ ကိုသက်ကိုကိုနဲ့ မမြမြစန်းတို့ဖြစ်ပြီး အခင်းဖြစ်တဲ့ညမှာ ဇနီးဖြစ်သူက သူအသတ်မခံရခင် ရေထဲခုန်ချပြီး တဘက်ကမ်းကိုကူးခတ်လွတ်မြောက်လာကာ နောက်တနေ့မနက်ရောက်တော့ သူတို့အဖွဲ့ကို လာရောက်တိုင်ကြားခဲ့တာလို့ အေအေစီအဖွဲ့ တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီညက ၁၂ နာရီကျော်လောက်မှာ  မြန်မာအချင်းချင်း၊ တရွာတည်းသားလည်းပါတဲ့ လူ ၅ ယောက်လောက်က သူတို့အခန်းမှန်ကို ရိုက်ခွဲပြီး အထဲဝင်လာတယ်။ ပြီးတော့ သူတို့လင်မယား ကိုဝိုင်းပြီး ကြိုးတွေနဲ့တုတ်ပြီးတော့ စက်ရုံကြီးရဲ့နောက်ဖေး လူပြတ်တဲ့ ရေကန်စပ်ကို ခေါ်သွားတယ်။ သူ့ယောကျာ်းကို ဓားနဲ့ထိုးပြီးတော့ ရေကန်ထဲ ပစ်ချလိုက်တယ်။  မိန်းမကိုလည်း သတ်မယ်လုပ်တော့ မိန်းမက ရေကန်ထဲခုန်ချ ရေကူးတတ်တော့ ထွက်ပြေးသွားတယ်။ သူ့ကို လက်ပြန်ကြိုး တုတ်ထားတာ၊ ကြိုးက နည်းနည်းလျော့နေတော့ ရအောင်ရုန်းပြီးတော့ ထွက်ပြေးတာ၊ မနက်ကျတော့ ကျနော်တို့ အေအေစီကို အကူအညီတောင်းပြီးတော့ ကျနော်တို့က ရဲစခန်း မှာ အမှုဖွင့်၊ အလောင်းလိုက်ရှာ၊ တရားခံလိုက်ဖမ်း အဲဒါလုပ်တာ အလောင်းက ၂ ရက်နေမှ ပေါ်တာပေါ့နော်၊။ မနေ့ည ဆယ်နာရီခွဲ ဆယ့်တစ်နာရီလောက်မှာ ပေါ်တယ်။ အခုဆေးရုံမှာ ထားပြီး ဒီရက်ပိုင်း သဂြိုဟ်ဖို့ရှိတယ်။”

တရားခံတွေထဲက အသက် ၃၀ ကျော်ရွယ် လူရွယ်တဦးကို သူနေတဲ့ အခန်းမှာဘဲ သွားရောက်ဖမ်းဆီးခဲ့ကြောင်း၊ ကျန်သူတွေတော့ ထွက်ပြေး လွတ်မြောက် နေဆဲဘဲလို့ သိရပါတယ်။

အဆိုပါ လူ ၅ ဦးမှာ တရွာတည်းသားတွေဖြစ်ပြီး  သေသူရဲ့ဇနီးကလည်း သူတို့အားလုံးကို သိရှိမှတ်မိနေကြောင်း၊ အခုလို အကြမ်းဖက်ခံရတာဟာ ဘာကြောင့်လဲဆိုတာ သေချာ မသိရပေမယ့် သေဆုံးသူ သူ့အမျိုးသားနဲ့ ရန်ငြိုးရန်စ ရှိခဲ့ဖူးမယ်လို့ ယူဆကြောင်း ဇနီးဖြစ်သူ ဆိုပါတယ်။

တရားခံတွေအားလုံး ဖမ်းဆီးအရေးယူ အပြစ်ပေးနိုင်ဖို့ ဆမွတ်ပရကန်ရဲစခန်းက စုံစမ်းစစ်ဆေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013