DVB Logo
Home
မြန်မာသတင်း
ကျေးလက်ဒေသများတွင် သန့်ရှင်းသည့်ရေရရှိရေးဆွေးနွေး
DVB
·
September 5, 2017
ကျေးလက်ဒေသများတွင် သန့်ရှင်းသည့်ရေရရှိရေးဆွေးနွေး
1 / 5
Donate to DVB

 

အစိုးရနဲ့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) အဖွဲ့တို့ ပူးပေါင်းပြီး ကျေးလက် စာသင်ကျောင်း၊ ဆေးရုံဆေးခန်းတွေမှာ သန့်ရှင်းတဲ့ သောက်သုံးရေရရှိရေး၊ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးတို့အတွက် မဟာဗျုဟာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဒီကနေ့ မုံရွာမြို့၊ မြို့တော်ခန်းမမှာကျင်းပပါတယ်။

အဓိကအားဖြင့် ပြည်ထောင်စုအစိုးရက ရေးဆွဲပြီးဖြစ်တဲ့ ကျေးလက်ဒေသရေရရှိရေး၊ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ မဟာဗျုဟာနှင့် ရင်းနှီးမြုပ်နှံမှုအစီအစဉ်ပါ အချက်အလက်တွေကို တိုင်းနှင့် ပြည်နယ်အားလုံးမှာ ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်ပြီး အလုပ်ရုံဆွေးနွေးပွဲတွေပြုလုပ်နေတာပါ။

ဒီလို တိုင်းနဲ့ပြည်နယ်ဒေသအသီးသီးမှာ အလုပ်ရုံဆွေးနွေးပွဲတွေလုပ်ပြီး ရရှိလာတဲ့ အချက်အလက်တွေကို ပြုစုကာ လာမယ့် ဘက်ဂျက်မှာ ပါဝင်ထည့်သွင်း ရေးဆွဲနိုင်အောင် လုပ်ဆောင်ရတာဖြစ်တယ်လို့ ယူနီဆက်ဖ်(မြန်မာ)ရဲ့ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးဌာနမှ ဦးခင်အောင်သိန်းက ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်က ကောက်ယူထားတဲ့ သန်းခေါင်စာရင်းအရ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ရေကောင်းရေသန့်ရရှိမှု ၆၉.၅% ရရှိနေပြီး စစ်ကိုင်းတိုင်းမှာတော့ ၈၁.၁% က ရေကောင်းရေသန့်ရရှိထားပါတယ်။

ယင်လုံအိမ်သာ သုံးစွဲနိုင်မှုအနေနဲ့လည်း မြို့ပြနဲ့ ကျေးလက်မှာ ကွာဟမှုရှိနေပြီး တစ်နိုင်ငံလုံးမှာ ၇၄.၃%သုံးစွဲကာ စစ်ကိုင်းတိုင်းအနေနဲ့ ၇၁.၆ % ရှိတယ်လို့ သန်းခေါင်စာရင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစိုးရနှင့် ယူနီဆက်ဖ်တို့ ပူးပေါင်းပြီးဆောင်ရွက်နေတဲ့ အခုစီမံကိန်း မဟာဗျုဟာအရ ၂၀၃၀ ခုနှစ်မှာ ကျေးလက်ဒေသအားလုံး သန့်ရှင်းပြီး ဘေးကင်းတဲ့ သောက်သုံးရေ လုံလောက်မျှတစွာရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး လုံလောက်မျှတစွာရရှိရေးတို့ကို မျှော်မှန်းဆောင်ရွက်နေပါတယ်။

ဒီစီမံကိန်းကို ၂၀၁၅ ခုနှစ်ကနေ စတင်ကာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဝန်ကြီးဌာန ၃ခုပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်လာတာဖြစ်ပါတယ်။

၂၀၁၇ခုနှစ်ကနေ ၂၀၃၀ အထိ ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးကဏ္ဍအတွက် လိုအပ်တဲ့ ရင်းနှီးမြုပ်နှံမှု စာရင်းချုပ်အရ အသစ်တည်ဆောက်ခြင်း ၃၂၁ ခုအတွက် အမေရိကန်ဒေါ်လာသန်းပေါင်း ၄၄၉၄ သန်း၊ အစားထိုးပြင်ဆင်ခြင်း ၄၉၆ ခုအပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၄၃၉ သန်းလိုအပ်တယ်လို့ စာရင်းချုပ်မှာ ဖော်ပြထားပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲတွေကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်နှင့် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ယူနီဆက်ဖ်မြန်မာမှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

အခုလိုပွဲတွေကို အချို့တိုင်းနှင့် ပြည်နယ်တွေမှာ လုပ်ဆောင်ခဲ့ပြီးဖြစ်သလို ကျန်ရှိနေသေးတဲ့ တိုင်းနှင့် ပြည်နယ်တွေမှာလည်း ဒီနှစ်အတွင်းမှာ ပြီးစီးအောင်လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013